အပိုင်း (၁၀၁၄)တိုက်ခိုက်ခြင်း မရှိဘဲ ရှုံးနိမ့်ခြင်း
ရှီဟွာတောင်ပေါ်တွင် ရှီဟွာတောင်ရှန့်ထိုက နှစ်ပေါင်းများစွာ တည်တံ့လာခဲ့သော တော်ဝင်တောင်အား ကြည့်ကာ တိတ်တခိုး သက်ပြင်းချသည်။
"ငါက ကျင့်ကြံခြင်းအတွက် ထွက်မသွားခင်မှာ ရှီဟွာတောင်ကို အရှေ့ဘက် ပြည်နယ်ရဲ့ အမြင့်ဆုံးဆိုတဲ့ နေရာမှာ ရှိနေစေချင်ခဲ့တာ ... ကြည့်ရတာ ဒီဆန္ဒက ဘယ်တော့မှ ဖြစ်လာနိုင်ဖွယ် မရှိတော့ဘူး" ရှီဟွာတောင်ရှန့်ထိုက တီးတိုးပြောသည်။
"စီနီယာအစ်ကိုက ရှီဟွာတောင် အတွက် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပြီးတော့ အရှေ့ဘက် ပြည်နယ်မှာ အင်အား ကြီးမားစေခဲ့တယ်။ လျူကျောင်းရဲ့ပါရမီက အရမ်း ကောင်းပြီးတော့ သူ့မှာ အရှေ့ဘက် ပြည်နယ်ကို စုစည်းဖို့ အလားအလာ ရှိခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ ဒီလိုဖြစ်ရတာ မြေရိုင်းပြည်နယ်က ရီဖူရှင်းကြောင့်ပဲ။ စီနီယာအစ်ကိုရဲ့ အမှား မဟုတ်ဘူး" ရှီဟွာတောင် ရှန့်ထိုဘေးတွင် တောင့်တင်း သန်မာသော လူကြီး တစ်ယောက်က ပြောသည်။
ထိုလူသည် ရှီဟွာတောင်၏ နောက်ထပ် ရှန့်ထိုတစ်ပါး ဖြစ်ကာ ရှီဟွာတောင် ရှန်ထို့၏ ဂျူနီယာညီလည်း ဖြစ်သည်။ သူတို့ညီအစ်ကို နှစ်ယောက်က ရှီဟွာတောင်ကို အခြေခံအုတ်မြစ် ချခဲ့ကြခြင်း ဖြစ်သည်။ သို့သော် အခြေအနေမှာ လွန်စွာ ပြောင်းလဲ လာခဲ့မည်ဟု သူတို့ မထင်မှတ် ထားခဲ့ကြပေ။ မြေရိုင်းပြည်နယ်မှ တော်ဝင်ကျဲ နန်းတော်သည် ရပ်တန့်ခြင်း မရှိသော အရှိန်အဟုန်ဖြင့် မြန်ဆန်စွာ ကြီးထွား လာခဲ့သည်။ ယနေ့ သူတို့သည် ပြည်နယ်ကိုးခု၏ အမြင့်ဆုံးနေရာသို့ တဖြည်းဖြည်း တက်လှမ်းလာနေပြီ ဖြစ်သည်။
ချင်းကျူမြို့သို့ ရီဖူရှင်း ပြန်သွားသောအခါ၌ မည်သည့်ရှန့်ထိုကမှ တော်ဝင်ကျဲ နန်းတော်အား မကျူးကျော်ရဲကြပေ။ မရဏဓားနတ်မယ် ပြန်လာခြင်းနှင့် ရှန့်ထိုကျန့်တို့ ရှိနေခြင်းက နန်းတော်အား လုံခြုံစေသည်။ လက်ရှိတွင် ရှန့်ထိုကျိသည်လည်း အကျယ်ချုပ် ခံထားရကာ မည်သူကမှ တော်ဝင်ကျဲနန်းတော်အား တိုက်ခိုက်ရန် ယုံကြည်မှု မရှိပေ။