အပိုင်း(၁၅၁၄)တစ်ဖန်ကျင့်ကြံခြင်း
ထိုက်ရွှမ်တောင်ပေါ်တွင် မိစ္ဆာအိုကြီးလော့ ရှုံးနိမ့်သွားပြီး မည်သည့် ပြဿနာမှ မရှိတော့ခြင်းက လူတိုင်းကို စိတ်သက်သာရာ ရစေ၏။
အရှင်ထိုက်ရွှမ်က လူအုပ်ကြီးကို ကြည့်ကာ ပြောသည်။ "ဒီနေ့ ထိုက်ရွှမ်တောင်ကို အထက်ကောင်းကင်ဘုံက လူတွေအများကြီး ရောက်လာတာ ဂုဏ်ယူစရာပါပဲ။ ဒါပေမယ့် ကျုပ်က ခဏတော့ ပြန်ပြီး ကျင့်ကြံဖို့ လိုသေးတယ်။ အဲဒါကြောင့် ခင်ဗျားတို့ကို ဧည့်ခံပေးဖို့ အချိန်မရှိသေးဘူး။ အဲဒါကြောင့် ကျုပ်အစား ကျုပ် တပည့်တွေကပဲ ဧည့်သည်တွေကို ဧည့်ခံပါလိမ့်မယ်"
အရှင်ထိုက်ရွှမ်၏ စကားများကို ကြားပြီးနောက် လူတိုင်းက အနည်းငယ် သဘောပေါက်သွားကြသည်။ ကြည့်ရသည်မှာ အရှင်ထိုက်ရွှမ်က အဆင့်တက်ခြင်းကို အပြီးသတ်ရသေးပုံမပေါ်ပေ။ မတတ်သာ၍သာ ကိုယ်တိုင်ထွက်လာကာ မိစ္ဆာအိုကြီးလော့အား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပုံရ၏။
ယခု မိစ္ဆာအိုကြီးလော့သည် ရှီလင်နတ်မြို့တော်မှ တန်ခိုးရှင်များကိုခေါ်ကာ ပြန်သွားပြီဖြစ်ရာ အရှင်ထိုက်ရွှမ်က သူ၏ ကျင့်ကြံမှုကို အခြေခိုင်ရန် လုပ်ရပေမည်။
လူတိုင်းက ခေါင်းညိတ်၍ သဘောတူကြ၏။ သူတို့က ဤနေရာသို့ အရှင်ထိုက်ရွှမ် အဆင့်တက်သည်ကို မြင်တွေ့ရန် လာရောက်ကြခြင်း ဖြစ်သည်။ အရှင်ထိုက်ရွှမ် သူတို့အား ကိုယ်တိုင်ဧည့်ခံခြင်းက ထိုမျှလောက် အရေးမပါ။
"အရှင် ပြန်ကျင့်ကြံရမှာ အရေးကြီးကိစ္စပဲ။ ခုနက ဖြစ်ခဲ့တဲ့ ကိစ္စတွေက တုန်လှုပ်စရာဖြစ်ပေမယ့် ကံကောင်းစွာနဲ့ အရှင့်ရဲ့ ဓားစွမ်းရည်က မိစ္ဆာအိုကြီးလော့ကို ရှုံးနိမ့်စေခဲ့တယ်။ ဒါပေမယ့် ဒီကိစ္စမှာ ထိုက်ရွှမ်တောင်က ခုခံမှုအားနည်းနေတယ်ဆိုတာကို ဖော်ပြခဲ့တယ်။ အရှင်က တပည့်လက်မခံတာ နှစ်တွေ အတော်ကြာနေခဲ့ပြီ။ ရိုးရိုးသားသား ပြောရရင် ဒီနေ့မှာရှိနေတဲ့ ထိုက်ရွှမ်တောင်ရဲ့ တပည့်တော်တော်များများက ကျင့်ကြံခြင်းကို သေချာအာရုံစိုက်ကြပုံမရဘူး"
![](https://img.wattpad.com/cover/306620134-288-k19651.jpg)