အပိုင်း(၁၇၀၆)ဆရာကို နှုတ်ဆက်ခြင်း
ရှန်ကလန်ကား ဧရာမကြီးမားကာ သူတို့၏အတွင်းပိုင်းအဆောက်အဦးများမှာ ရှေးဟောင်းမြို့တော်တစ်ခုအလား ထင်မှတ်ရသည်။ သူတို့တွင် မရေမတွက်နိုင်သော တန်ခိုးရှင်များကို ပိုင်ဆိုင်၏။
ထိုအချိန်တွင် များစွာသော ရှန်ကလန်တန်ခိုးရှင်များသည် ကောင်းကင်ထက်ကို ပျံတက်လာကြသည်။ သူတို့က မြို့အပြင်၌ ဆင်းသက်လာကြသော ဧရာမစစ်တပ်ကြီးကို လှမ်းကြည့်ကြသည်။
ပထမတစ်ကြိမ်က ထျန်းဟယ်အကြီးအကဲဖြစ်ကာ ယခုတစ်ကြိမ်တွင် ကောင်းကင်အာဏာစက်ကျောင်းတော်ဖြစ်သည်။
အရှင်ထိုက်ရွှမ်သည် ကောင်းကင်ထက်ကို တစ်ဦးတည်းတက်သွားကာ ရှန်ကလန်သို့ ဦးတည်လိုက်သည်။ သူက လေထဲကို လှမ်းသွားလိုက်၏။
ဘန်း...
ကျယ်လောင်သောအသံများထွက်ပေါ်လာခဲ့ကာ ရှန်ကလန်အတွင်းမှ အဆောက်အဦများ အဆက်မပြတ် ပြိုလဲသွားသည်။ ကြောက်မက်ဖွယ် ဓားစွမ်းအားမုန်တိုင်းသည် ရှန်ကလန်ကို ဖြတ်တိုက်သွားကာ ထိုတိုက်ခိုက်မှုကြောင့် ရှန်ကလန်မှ တန်ခိုးရှင်အချို့ သေဆုံးသွားကြရ၏။
ရှန်ကျဲ့၏ခန္ဓာကိုယ်သည် လေထဲကို မြောက်တက်လာခဲ့၏။ သူက နတ်မျက်လုံးကို ဖွင့်လိုက်လျှင် နတ်အလင်းသည် အရှင်ထိုက်ရွှမ်ထံသို့ တိုးဝင်လာ၏။ သူက အေးစက်သောအသံဖြင့် ပြောသည် "အရှင်ထိုက်ရွှမ်... ခင်ဗျားလုပ်နေတာကို ခင်ဗျား သိရဲ့လား..."
"သိပ်သိတာပေါ့..." အရှင်ထိုက်ရွှမ်က ပြန်ပြောသည် "ရှန်ကလန်က ထျန်းဟယ်ဘုံက တန်ခိုးရှင်တွေကို သတ်ဖြတ်တုန်းကတော့ ထျန်းဟယ်အကြီးအကဲက တစ်နေ့ ခင်ဗျားတို့ကို ပြန်လာသတ်မှာကို မတွေးခဲ့ကြဘူးမလား။ ပြီးတော့ ခင်ဗျားတို့က ကောင်းကင်အာဏာစက်ကျောင်းတော်ကို လာဖိအားပေးတုန်းကလည်း ကျုပ်တို့ ပြန်ပြီး လက်တုန့်ပြန်မယ်လို့ မတွေးခဲ့ဖူးမလား"
"ရှန်ကလန်လုပ်ခဲ့တာတွေအားလုံးအတွက် ပြန်ပေးဆပ်ရမယ်" အရှင်ထိုက်ရွှမ်က ရှေ့ကို လှမ်းတက်လိုက်လျှင် ကြောက်မက်ဖွယ်ဓားမုန်တိုင်းကြောင့် ရှန်ကလန်၏ရှေးအဆောက်အဦများစွာ မြေပြင်ပေါ်သို့ ပြိုလဲကျသွား၏။