အပိုင်း(၄၅၁)အနိုင်ယူခြင်း
ရီဖူရှင်း၏ စကားကြောင့် အားလုံးက သူ့ကို ကြည့်ကြသည်။ ဤမတိုင်မီက နတ်ငှက်လူငယ်က လောင်လင်းအာကို အနိုင်ရခဲ့၏။ ထို့ကြောင့် အကြီးအကဲ တစ်ယောက်က ထိုအချက်ကို ကိုင်ကာ လောင်လင်းအာက ကျောင်းကို မဝင်သင့်ဟု ငြင်းဆိုသည်။ သူက နတ်ငှက်လူငယ်၏ စွမ်းရည်ကို လုံးဝ လျစ်လျူရှုထား၏။
ထို့ကြောင့် ရီဖူရှင်းက သူနှင့်အဆင့်တူ မှော်ဂီတပညာရှင် နှစ်ယောက်အား ခဏအတွင်း အနိုင်ယူကာ အကယ်၍ သူတို့က အနိုင်ယူသူ၏ စွမ်းရည်ကို လျစ်လျူရှုနိုင်ပါက သူ့ထံတွင် ရှုံးနိမ့်ခဲ့သော သူနှစ်ယောက် ကလည်း ကျောင်းဝင်ခွင့် မရသင့်ဟု ပြောခြင်းပင်။
"ဒီအကောင်က ကြယ်မင်းကျောင်းရှေ့မှာ အစွမ်းပြ နေတာလား..." လူအများအပြားက တီးတိုး ပြောကြ၏။ ခုနကမှ ရီဖူရှင်းက အသိပညာ နိမ့်ကျကာ နောက်ခံ အားနည်းသော နဂါးကလန်မှ ဂီအကူ တစ်ယောက်သာဟု ပြောခဲ့သည်။ ကျင်းကလန်မှ အကြီးအကဲက ရီဖူရှင်းကို ကြည့်သည်။ ရီဖူရှင်းက သူ၏စကားက မှားယွင်းကြောင်း သက်သေပြခဲ့သည်။ သူဘာမှ မပြောနိုင်တော့...။
တခြားတစ်ဖက်တွင် နဂါးကလန်မှ လူများက ရီဖူရှင်းကို အံ့အားသင့်စွာ ကြည့်ကြ၏။ သူ၏ စွမ်းဆောင်ရည်ကား အလွန် ကောင်း၏။
"အစ်ကိုဖူရှင်း..." လောင်လင်းအာက သူမ၏နှလုံးသားထဲမှ နွေးထွေးမှုကို ခံစားရသည်။ ရီဖူရှင်းက သူမအတွက် ပြောပေးနေခြင်း ဖြစ်သည်။ သူက သူမ အရှက်တကွဲပုံစံမျိုးဖြင့် ထွက်မသွား စေလိုသောကြောင့် ဤသို့ လုပ်နေခြင်းလည်း ဖြစ်သည်။
"မင်းပြောတာက မှန်တယ်လို့ ငါမထင်ဘူး... သူက ဝမ်မိသားစုနဲ့ ဆက်သွယ်ပြီး အခွင့်အရေး ရှာတဲ့လူနဲ့ မတူပါလား..." ကြယ်မင်းကျောင်း တပည့်များထဲမှ မိန်းမတစ်ယောက်က ပြောသည်။ သူမက မိစ္ဆာနဂါးနယ်မြေတွင် ရီဖူရှင်းနှင့် တွေ့ဆုံခဲ့သော လီမင်ဖြစ်သည်။ တစ်ချိန်က သူမက စနောက်ခဲ့သော ချောမောသော လူငယ်လေးက သည်မျှ ထက်မြက်နေမည်ဟု မထင်မှတ်ထားခဲ့ပေ။
ကြယ်မင်းကျောင်း တပည့်တစ်ယောက် အနေဖြင့် လင်းရန်က အလွန် ပါရမီကောင်းကာ ကျောင်းကို ဝင်ရောက်ရန် အရည်အချင်း ပြည့်မီသည်ကို သူမသိသည်။ ကြယ်မင်းကျောင်း၏ အကဲဖြတ်မှုက အပြည့်အဝ မျှတခြင်း မရှိသော်လည်း အားနည်းသော သူများက ကျောင်းဝင်ခွင့် ဘယ်သောအခါမှ ရမည် မဟုတ်ပေ။ ယခု ရီဖူရှင်းက လင်းရန်အား အလွယ်တကူ အနိုင်ရခြင်းက ရီဖူရှင်းက ကြယ်မင်းကျောင်း၏ သာမန် ကျောင်းသားများထက် အရည်အချင်း ရှိသည်မှာ သိသာပေသည်။ သူသာ ကျောင်းဝင်ခွင့် လျှောက်ထားပါက သေချာပေါက် အောင်မြင်မည် ဖြစ်သည်။