အပိုင်း (၇၂၁)ရှားအင်ပါယာကို ခေါ်ခြင်း
ဓားသခင်၏အရိပ်က တစ်ဖန် ပျောက်ကွယ်သွားကာ ခွန်ယိုကလည်း သူ၏စွမ်းအားကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်ကာ သူ၏ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော အနက်ရောင် အငွေ့အသက်များအား တွန်းထုတ်သည်။ နောက်ဆုံးတွင် ခွန်ယိုကား လေထဲတွင် ဆက်လက် ရပ်နိုင်ဟန်မတူတော့ဘဲ မြေပြင်ပေါ်ကို ဆင်းသက်လာသည်။ သူ၏ခန္ဓာကိုယ်တွင်ကား ဓားချက်များ ရေတွက်မရနိုင်အောင်ပင် များပြားစွာ ဖြစ်ပေါ်နေ၏။ သို့သော် တစ်ဖက်တွင် ဓားသခင်ကလည်း သိပ်အခြေအနေ မကောင်းသည်ကို သူသိထားသည်။
"အရူးကောင်..." ခွန်ယိုက ဒေါသတကြီး အော်ဟစ်သည်။ ဓားသခင်က သူ့အား တစ်ချက်ကြည့်ကာ ပျောက်ကွယ်သွားပြီး ဝမ်ရှင်း ဖန်တီးထားသော ကြယ်တာရာ ကံကြမ္မာရဟတ်အား နှစ်ခြမ်းခွဲလျက် သီးသန့်နယ်ထဲကို ဝင်လိုက်သည်။
ရီဖူရှင်းက လှည့်ကြည့် လိုက်သည်တွင် ဓားသခင်က သူ့ဘေး၌ ပေါ်လာသည်ကို မြင်ရသည်။
"ချွန်ရန်.. ရှင် ဆက်ပြီး ခေါင်းမာနေဦးမှာလား..." ရေခဲနန်းတော်သခင်က မေးသည်။ သူမနှင့် ချွန်ရန်တို့ကား ကောင်းကင်မြေရိုင်း အဆင့်၁နှင့်အဆင့်၂တွင်ရှိကာ အချင်းချင်း ရင်းနှီးကြပေသည်။ ချွန်ရန်က ဓားသခင်နှင့် သူ့ရှေ့မှ တိုက်ပွဲများအား ကြည့်ကာ သက်ပြင်းချသည်။
အားလုံးက အခြေအနေကို သတိထားမိကြသည်။ ကံကြမ္မရဟတ်က ဖုံအုပ်ထားသော တိုက်ပွဲက ပြီးဆုံးသွားပြီဖြစ်ကာ နန်းတော်သခင်ချွန်ရန်၊ လျူချန်းနှင့် ဝမ်ရှင်းတို့ ထိုနေရာ၌ ရပ်နေသည်ကို အားလုံးက မြင်ကြရသည်။
"ခင်ဗျား ရောက်လာပြီပဲ..." ဟောင်စီက နန်းတော်သခင်ကို ကြည့်ကာပြောသည်။
"လွေလီ..." သူ့သား ဒဏ်ရာရထားသည်ကို မြင်လျှင် ပိုင်ဂူက ပြေးသွားသည်။
အားလုံးက အခြေအနေကို စိတ်ဝင်စားစွာ အကဲခတ်လိုက်ကြသည်။ ဝမ်ရှင်းက သူတို့ရှေ့တွင်ပင် ကြယ်တာရာ ကံကြမ္မာရဟတ်အား အစီအရင်ချခဲ့သည်။ ယခု ရီဖူရှင်းနှင့် ပိုင်လွေလီတို့၏ တိုက်ပွဲက ပြီးဆုံးသွားပြီလား။