အပိုင်း (၆၁၁)အာခီမီညီလာခံ
တိုက်ခိုက်ရေး ရှီနန်းဆောင်တွင် ရီဖူရှင်းနှင့် ယူချင်းတို့က ခန်းမထဲကို ရောက်လာကြသည်။
"ဆရာ..." သူတို့နှစ်ယောက်က ရှီတန်ခိုးရှင် ထောင်ကျန်းကို မြင်သည်တွင် နှုတ်ဆက်ကြသည်။
"သုံးနှစ်... မဆိုးပါဘူး..." ရှီတန်ခိုးရှင် ထောင်ကျန်းက သူတို့နှစ်ယောက်ကို ကြည့်ကာ ပြုံးသည်... "ယူချင်းက အခု ၁၈လွှာကို တက်နိုင်ပြီ... ဖူရှင်း... မင်းကရော ဘယ်နှလွှာအထိ တက်နိုင်လဲ..."
"၁၇ လွှာ..." ရီဖူရှင်းက ပြန်ဖြေသည်။
"မင်းတို့ မပြည့်စုံတဲ့ ကောင်းကင်ဘုံကျမ်းက သွေးကြောမ ဘယ်နှခု ဖွင့်နိုင်ပြီလဲ..." ရှီတန်ခိုးရှင် ထောင်ကျန်းက မေးသည်။
"ယူချင်းနဲ့အတူတူ... လေးခု..." ရီဖူရှင်းက ဖြေသည်။
"ဒါက ငါ့ထက် များတယ်..." ရှီတန်ခိုးရှင် ထောင်ကျန်းက သူ၏တပည့် နှစ်ယောက်ကို ပြုံးလျက် ကြည့်သည်... "တပည့်တွေကို သင်ပေးတာက ငါ့ရဲ့ အားသာတဲ့ အချက်တော့ မဟုတ်ဘူး... မင်းတို့နှစ်ယောက်ကို တပည့်အဖြစ် လက်ခံခဲ့တယ် ဆိုပေမဲ့ အမှန်တရားက မင်းတို့ကိုယ်တိုင် ကြိုးစား အားထုတ်ပြီး လေ့ကျင့်ခဲ့ရတာပဲ... အခု ငါမင်းတို့ကို ခန္ဓာကိုယ် လေ့ကျင့်တဲ့လူတွေ အတွက် တိုက်ခိုက်ရေး ပညာတစ်ခု သင်ပေးမယ်... ဒါက အရမ်း အားကောင်းတယ်... မင်းတို့က သေသေချာချာ လေ့ကျင့်ရမယ်... ရီဖူရှင်းက ဓာတ်စွမ်းအင် မျိုးစုံကို လေ့ကျင့်တယ်... ဒါပေမဲ့ ယူချင်း... မင်းက ခန္ဓာကိုယ် လေ့ကျင့်ပြီးတော့ ရှန့်ထိုအဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေး ရှိတယ်... မင်းရဲ့ ပါရမီကို အလဟဿ မဖြစ်စေနဲ့..."
ယူချင်းက ခေါင်းညိတ်သည်။ သူ၏ရုပ်ပိုင်းဆိုင်ရာက တခြားလူများထက် အားကောင်းသည်ကို သူလည်း သိသည်။ ခန္ဓာကိုယ် လေ့ကျင့်ခြင်းက သူ့အတွက် အမှန်ပင် သင့်တော်ပေသည်။
"ပြင်ဆင်ကြ..." ရှီတန်ခိုးရှင် ထောင်ကျန်း၏ တတိယမျက်လုံး တစ်ဖန် ပွင့်လာပြန်သည်။ အလင်းတန်းများက မျက်လုံးမှ ထွက်လာကာ ရီဖူရှင်းတို့၏ စိတ်ထဲကို ဖျန်းပက်သည်။ ထို့နောက်တွင် သူတို့၏စိတ်ထဲကို ပုံရိပ်များ တစ်ခုပြီးတစ်ခု ဝင်လာသည်။ သူတို့က ထိုပုံရိပ်များထဲတွင် ရှီတန်ခိုးရှင် ထောင်ကျန်းကို နတ်ဘုရား တစ်ပါးအလား မြင်ကြရသည်။ ရှီတန်ခိုးရှင် ထောင်ကျန်းက အလင်းတန်းများ ဖြာထွက်လျက် ရပ်နေသည့်ပုံစံက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ သူ၏နောက်တွင် ပြိုင်ဘက်ကင်းသော ပုံရိပ်တစ်ခု ပေါ်လာပြီး ထိုအရာက ရှေးဟောင်း နတ်ဘုရားတစ်ပါးနှင့် ဆင်တူသည်။