အပိုင်း(၆၀၁)မြန်မြန်ရှင်းခဲ့
လက်ရည်စမ်းပွဲမှ လူများအားလုံး အံ့အားသင့် နေကြသည်။
လူအုပ်ထဲတွင် ယွန်ဖုန်း၏ မျက်နှာကလည်း သုန်မှုန်နေသည်။ အကယ်၍ သူကလည်း ရီဖူရှင်းကို စိန်ခေါ်ပြီး ထိုသို့ ပြန်ပြောခံရပါက ထပ်မံ၍ အရှက်ကွဲ ရပြန်ဦးမည်။
ထိုအခိုက်တွင် ပိုင်စီကား အလွန် ရှက်ရွံ့ဖွယ် ကောင်းသော အခြေအနေသို့ ရောက်နေသည်။ သူကား ကျောင်းခုံးစင်မြင့်တွင် ဤသို့သော အခြေအနေမျိုးနှင့် ကြုံနေရသည်။ သို့သော်လည်း သူက ရီဖူရှင်း၏စကားကို ငြင်းပယ် နိုင်စွမ်းလည်း မရှိပေ။ အကဲဖြတ် စစ်ဆေးပွဲ၌ သူက ရီဖူရှင်းကို ရှုံးနိမ့်ခဲ့သော ကိစ္စအား လူတိုင်းက သိကြသည်။
"ဒီနေ့က မတူဘူး... ငါတို့ နှစ်ယောက်လုံးက တော်ဝင်ကျဲ နန်းတော်ကို ဝင်ခဲ့ကြတယ်... ဒါက လက်ရည်စမ်းပွဲပဲ..." ပိုင်စီက အေးစက်စွာ ပြောသည်။ ရီဖူရှင်းကား သူ့ကို တမင် အရှက်ခွဲနေသည်။
ရီဖူရှင်းက ပိုင်စီကို ကြည့်သည်။ သူ၏စကားက ပိုင်စီကို အရှက်ရ စေမည်ကို သိသည်။ သို့သော် သူက ဂရုမစိုက်ပေ။ အတိတ်က ပိုင်စီကား သူ၏နောက်ခံ အင်အားကြောင့် ရီဖူရှင်းကို မျက်လုံးထဲပင် မထည့်ခဲ့ပေ။ ပိုင်စီကား အချို့သော အရာများတွင် မှန်ကန်ပေသည်။ သို့သော်လည်း လက်ရှိတွင်ကား အခြေအနေများက ကွာခြားသွားပြီ ဖြစ်သည်။ ယခု သူတို့ နှစ်ယောက်လုံးက တော်ဝင်ကျဲ နန်းတော်၏တပည့်များ ဖြစ်နေကြပြီ။
"ဒီနေ့က လက်ရည်စမ်းပွဲ ဖြစ်လို့လည်း ငါက မင်းနဲ့ ဒီလို ကစားနေစရာ အကြောင်း မရှိတာ... မဟုတ်ရင် မင်းက ဒီတစ်ခေါက်ရှုံးပြီး နောက်တစ်ခါ အခွင့်အရေးရမှာ မဟုတ်တော့ဘူး..." ရီဖူရှင်းက ခံစားချက် ကင်းမဲ့စွာ ပြောသည်... "တကယ်လို့ မင်းက ငါ့ထက် ပါရမီရှင် အဆင့်မှာ ပိုမြင့်လာခဲ့ရင် ဒါမှမဟုတ် နီးကပ်လာခဲ့ရင် မင်းရဲ့ စိန်ခေါ်မှုကို လက်ခံဖို့ ငါ စဉ်းစားပေးမယ်... အခုကတော့ မင်းက ငါနဲ့ ထိုက်တန်တဲ့ ပြိုင်ဘက် မဟုတ်သေးဘူး..." ရီဖူရှင်း၏ ခံစားချက် ကင်းမဲ့သော လေသံက တည်ငြိမ်စွာ ထွက်လာသည်။ သူ၏ နောက်ဆုံးစကားက ပိုင်စီ၏ ကိုယ်ရောင် ကိုယ်ဝါကို ထိန်းချုပ် မရအောင် ထွက်ပေါ် လာစေသည်။ သူကား တိမ်ဖြူမြို့ ဒုတိယသခင်လေး ဖြစ်သည်။ ပိုင်စီအား တခြား ဘယ်သူမှ ဤသို့ မလှောင်ပြောင် ရဲကြပေ။ ထို့အပြင် ယခု တခြား တပည့်များ အလယ်တွင် သူကား အလွန်ပင် အရှက်ရဖွယ် ကောင်းနေလေပြီ။