အပိုင်း(၁၅၄၂)အာရုံစိုက်ခြင်း
ကျွင်းဟုန်က ရီဖူရှင်းအား စိတ်ဝင်တစားကြည့်ကာ မေးသည် "မင်း ဘာလုပ်ခဲ့လဲ"
သူသည် လီတောက်စီနှင့်ပတ်သက်၍ အနည်းငယ် သိပေသည်။ သူကား သဘာဝအားဖြင့် မာနကြီးပြီး သီးသန့်နေတတ်ကာ သူ၏ဓားပညာသည် ပြိုင်ဘက်ကင်း၏။ နတ်နန်းတော်တွင်ပင် သူ၏အချိန်များကို ပေးရန် ထိုက်တန်သည့်သူ ရှားပါး၏။ သူကား ရန်ဟောင်အဆင့်သို့ တက်ရန် ကြိုးစားနေသည်ဟု ပြောကြသည်။ သူ့အနေဖြင့် ဓားတရားတောင်တွင် နားလည်ရန် ဓားသုံးလက်သာ ကျန်တော့သည်ဟု ပြောကြသည်။ သူသာ အောင်မြင်သွားပါက နတ်ဘုရားဝင်ရိုးကို တည်ဆောက်ကာ ရန်ဟောင်အဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်သည်။
အကယ်၍ သူသာ ရီဖူရှင်းကို ဓားတရားတောင်ပေါ်တွင် စောင့်နေပါက သူ့ရှေ့မှ သည်လူသည် လမ်းစဉ်သက်သေပြခြင်းခရီးစဉ်၌ ထူးထူးခြားခြား စွမ်းဆောင်ခဲ့သူဖြစ်ရပေလိမ့်မည်။
"မဟုတ်လောက်ပါဘူး။ ကျုပ်က သူ့ညီကို အနိုင်ယူခဲ့လို့ပဲဖြစ်မယ်" ရီဖူရှင်းက ပြောသည်။
"မဟုတ်ဘူး... သူ့ရဲ့စိတ်နေသဘောထားနဲ့ဆိုရင် သူ့ညီက တစ်ခြားတစ်ယောက်ဆီမှာ ရှုံးသွားတာကြောင့်ပဲ ဒီလောက် ဒုက္ခခံပြီး မင်းကို ဓားတရားတောင်မှာ စောင့်နေမှာ မဟုတ်ဘူး။ သူက မင်းနဲ့လက်ရည်စမ်းချင်တာပဲဖြစ်မယ်။ ဒါဆိုရင်တော့ မင်းဟာ သာမန်မဟုတ်တဲ့ဓားသမားပဲ" ကျွင်းဟုန်က ပြုံးလျှက်ပြောသည်။ ရီဖူရှင်းက မိမိကိုယ်ကို ထိုက်ရွှမ်တောင်ဓားသမားဟု ပြောခဲ့သည်။
"ရှန်ကျင်းက လမ်းစဉ်သက်သေပြခြင်းနယ်မြေမှာ ပိုင်ရှုအပါအဝင် နာမည်ကျော်ပါရမီရှင်တွေအကုန်လုံးကို အနိုင်ယူခဲ့တယ်" ဘေးမှ နောက်တစ်ယောက်က ပြုံးလျှက်ပြောသည်။ ကျွင်းဟုန်က ရီဖူရှင်းအား ကြည့်ကာ အကြောင်းအရင်းကို နားလည်လိုက်၏။
ဤသို့ဆိုလျှင် လီတောက်စီက သူ့အား ဓားတရားတောင်တွင် စောင့်ဆိုင်းနေခြင်းက မထူးဆန်းတော့ပေ။
"မင်း အခုသွားတော့မလား" သူက ပြုံးလျှက်မေးသည်။ တောင်များကို အတွေးတစ်ချက်ဖြင့် ရွေ့လျားနိုင်သူကား သာမန်လူမဖြစ်နိုင်။