အပိုင်း (၃၆၁) အဆက်မပြတ်မြည်ဟည်းခြင်း
ရီဖူရှင်းက ထိုနေရာကို ရောက်ရှိသည်နှင့် ကြောက်မက်ဖွယ် ကောင်းသော မကောင်းဆိုးဝါး အငွေ့အသက်များက မိစ္ဆာငှက်ပုံရိပ်မှ ထွက်ပေါ်လာကာ သူ့ထံ တိုးဝင်လာသည်ဟု ခံစားရသည်။
များစွာသော မကောင်းသော အတွေးများက ရီဖူရှင်း၏ စိတ်ထဲကို ဝင်ရောက် လာကြသည်။ သူ၏ခန္ဓာကိုယ်က တုန်ယင်သွားကာ အားကောင်းသော ဧကရာဇ်အသိက ထွက်ပေါ်လာပြီး သူ၏စိတ်ကို ကာကွယ်ပေးသည်။ တစ်ချိန်တည်းမှာပင် သူ၏ လက်ချောင်းများက ကု့ချင်းကြိုးများကို လှုပ်ခတ်သွားစေကာ ကောင်းကင်တောင်၏အသိနှင့် ဆက်သွယ်ရန် ကြိုးစားသည်။
ဧကရာဇ်ကဲ့သို့ ရွှေရောင် အလင်းများက ကောင်းကင်မှ ဆင်းသက်လာကာ ကောင်းကင်တောင်မှ နှင်းများက သူရှိနေရာသို့ စတင် စီးဆင်းလာကြသည်။ သူ၏အာရုံက ကျယ်ပြန့်စွာ ပျံ့နှံ့သွားကာ သူ၏ ဧကရာဇ်အသိက ကောင်းကင်တောင်မှ အသိနှင့် ပေါင်းစပ်သွားပြီး မကောင်းဆိုးဝါး အငွေ့အသက်များ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးသည်။
ဘန်း....
ရီဖူရှင်း၏ စိတ်ထဲတွင် မူလ မိစ္ဆာနတ်ငှက် ပေါ်လာသည်။ သူက ကောင်းကင်နှင့် မြေကြီးကိုပင် ဝါးမျိုတော့မည့်အလား ကောင်းကင်ပေါ်တွင် ပျံဝဲနေသည်။ သူက ရီဖူရှင်းအား ထီမထင်စွာ ကြည့်ကာ သူ၏မိစ္ဆာ အတောင်ပံများအား ဖြန့်လိုက်သည်။ ထိုအရာက လောက၏ အဆုံးသတ်က နီးကပ်လာသည့်အလား ထင်ရသည်။
မိစ္ဆာနတ်ငှက်က သေဆုံးသွားပြီး ဖြစ်သော်လည်း သူ၏စိတ်အသိက ပျက်ပြယ်သွားခြင်း မရှိသေးပေ။ ထို့ကြောင့် ဧကရာဇ်နှစ်ပါးက သူတို့၏ အသိများကို ချန်ထားခဲ့ကြကာ နတ်ငှက်၏ မကောင်းဆိုးဝါး အငွေ့အသက်များကို ဖိနှိပ်ခဲ့ကြသည်။ သို့တိုင်အောင် ကောင်းကင်တောင်မှ မကောင်းဆိုးဝါး အငွေ့အသက်များက တောင်ပတ်ဝန်းကျင် မိုင်တစ်ထောင်ခန့်အထိ ပျံ့နှံ့နေဆဲ ဖြစ်သည်။ မိစ္ဆာနတ်ငှက် အသက်ရှင်စဉ်က မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်ကို တွေးကြည့်၍ ရသည်။
ထိုအခိုက်တွင် ရီဖူရှင်းက မကောင်းဆိုးဝါး အသိ၏ အလယ်တွင် ဖြစ်သည်။ သူ့အား ဧကရာဇ်အသိက ကာကွယ်ပေးထားခြင်း မရှိလျှင် သူ၏အသိက ချက်ချင်း ပျက်စီး သွားနိုင်ပေသည်။