အပိုင်း(၁၂၁၀):သွေးနဂါးမြစ်ပြိုင်ပွဲအဆုံးသတ်
ဤသည်က ရူးလောက်စရာပင် ဖြစ်သည်။
လူတိုင်း၏ နှလုံးသားများက ကဆုန်ပေါက်နေသည်။ ယခင် ကျင်းပခဲ့သော သွေးနဂါးမြစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူများမှာ ရှန့်ထိုအဆင့်အောက်တွင် ထိပ်တန်း ပါရမီရှင်များဖြစ်သဖြင့် နတ်ဘုရားပြစ်ဒဏ် ထွက်ပေါ်လာခြင်းမှာ ထူးခြားအံ့သြဖွယ် သိပ်မရှိချေ။
တစ်စုံတစ်ယောက်က သူတို့၏တန်ဖိုးအား တိုက်ပွဲအတွင်း ရှန့်ထိုအဆင့်ဖြစ်လာခြင်းဖြင့် သက်သေပြခြင်း ဖြစ်သည်။
သို့သော်လည်း တိုက်ပွဲတစ်ခုအတွင်း၌ တန်ခိုးရှင်လေးဦးသည် ရှန့်ထိုအဆင့်သို့ ဆက်တိုက် တက်ရောက်သွားခြင်းသည် မကြုံစဖူး ထူးကဲသော တိုက်ဆိုင်မှုဖြစ်၏။
အထူးသဖြင့် ယူချင်း ဖြစ်သည်။ ရှင်းချိုးက နတ်ဘုရားပြစ်ဒဏ်ကို ရင်ဆိုင်ရသည်အား တွေ့လျှင် တွေ့ချင်း သူသည် ကောင်းကင်ကို သူ့နည်းသူ့ဟန်ဖြင့် ဖိအားပေးလျက် မဟာလမ်းစဉ်၏ အတားအဆီးများအားလုံးကို အတင်းအဓမ္မချိုးဖျက်၍ ရှန့်ထိုအဆင့်သို့တက်ရောက်ရန် ပိတ်ဆို့နေသော တားဆီးမှုများကို ဖြတ်ကျော်လေသည်။ ဤသည်မှာ သူ မည်မျှ ခေါင်းမာသည်ကို ပြသခြင်း ဖြစ်သည်။ သူ ရှန့်ထိုအဆင့်သို့ တက်ရောက်လိုပါက မဟာလမ်းစဉ်သည်ပင် သူ့ကို မရပ်တန့်နိုင်ပေ။
ထို့ကြောင့်ပင် သူက ကောင်းမွန်စွာ ဖြတ်သန်းသွားနိုင်၏။
ကောင်းကင်တွင် မိုးကြိုးလျှပ်စီးများက အော်မြည်နေပြီး မဟာလမ်းစဉ်၏ နတ်ဘုရားပြစ်ဒဏ်က ကျဆင်းလာသည်။
သွေးနဂါးမြစ်ပြင်ပေါ်မှ ကောင်းကင်သည် နီရဲလောင်ကျွမ်းနေဆဲ ဖြစ်ပြီး ၎င်းက ကြောက်မက်ဖွယ် မဟာလမ်းစဉ်၏ နတ်ဘုရားပြစ်ဒဏ်နှင့် ဆုံတွေ့သောအခါ အမှန်တကယ်ပင် ကမ္ဘာပျက်သည့်အလား ထင်မှတ်ရသည်။ ထိုရိုက်ခတ်မှုသည် လူတိုင်းကို နက်ရှိုင်းစွာ ခံစားမိစေခဲ့သည်။
သူတို့သည် တိုက်ခိုက်ခြင်း မပြုတော့ဘဲ အားလုံးက နတ်ဘုရားပြစ်ဒဏ်ကို ရင်ဆိုင်နေကြသည်။