အပိုင်း( ၅၇၁)ထိပ်ဆုံးဆယ်ယောက်၏တိုက်ပွဲ
ပိုင်စီ၏စကားက အားလုံးကို အံ့အားသင့်စေသည်။ ထိုစကားလုံးများ၏ နောက်ကွယ်တွင် အဓိပ္ပာယ်များစွာ ပါဝင်နေသည်။ ကျူးကော့ရှင်းပင်လျှင် ပိုင်စီကို ကြည့်ကာ ပြုံးသည်။ ပိုင်စီကဲ့သို့သော လူပင်လျှင် ဟွာဂျီယူကို စိတ်ဝင်စား၏။
တော်ဝင်ရှီ နန်းဆောင်တွင် အဆောင် သခင်နှစ်ပါး ရှိပေသည်။ တစ်ဦးသော အဆောင်သခင်ကား တော်ဝင်ကျဲ နန်းတော်၏ သခင်ကိုယ်တိုင် ဖြစ်ကာ နန်းတော်၏ အရေးကိစ္စများကို ဝင်မပါတော့ဘဲ ဒုတိယ နန်းတော်သခင်နှင့် လွှဲအပ်ထားပေသည်။ တော်ဝင် ရှီနန်းဆောင်က တော်ဝင်ကျဲ နန်းတော်၌ အမြင့်ဆုံးသော အာဏာကို ရယူထားသည်။
ကောင်းကင်မြေရိုင်း အဆင့်တွင် နံပါတ်တစ်နှင့် နံပါတ်သုံးနေရာတွင် ရှိသူများက ဦးဆောင်ထားသော တော်ဝင်ရှီ နန်းဆောင်ကား တော်ဝင်ကျဲ နန်းတော်၏ မဏ္ဍိုင်ဟုပြော၍ ရသည်။ နန်းတော်သခင် နှစ်ယောက်ကား တော်ဝင်ကျဲ နန်းတော်ကိုသာ မဟုတ်ဘဲ မြေရိုင်းဒေသ တစ်ခုလုံးတွင်ပင် အမြင့်ဆုံး အခွင့်အာဏာကို ပိုင်ဆိုင်ထားကြသည်။ သူတို့ကြောင့်ပင် တော်ဝင်ကျဲ နန်းတော်က မြေရိုင်းဒေသ တစ်ခုလုံး၏ ကောင်းကင်ဘုံဟု သမုတ်ခံရသည်။
ပိုင်လွေလီကား တော်ဝင် ရှီနန်းဆောင်၏ တပည့်ဖြစ်ကာ တော်ဝင်ကျဲ နန်းတော်၌ အလွန်မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်သည်။ ပိုင်စီကလည်း ဒုတိယ နန်းတော်သခင် လက်အောက်တွင် လေ့ကျင့်ခွင့်ရမည်မှာ သေချာနေသည်။ ထို့ကြောင့် ပိုင်စီက ထိုစကားကို ပြောခြင်းဖြင့် ဟွာဂျီယူကို တိုက်တွန်းခြင်းမှာ ဒုတိယ နန်းဆောင်သခင်ကိုသာ ရည်ညွှန်းခြင်း ဖြစ်သည်။ အကယ်၍သာ ဟွာဂျီယူက ဒုတိယ နန်းဆောင်သခင် လက်အောက်ကို ရောက်သွားပါက သူနှင့်အတူတူ လေ့ကျင့်ခွင့်ရမည် ဖြစ်ပြီး သူ့အတွက် ဟွာဂျီယူကို ရရှိရန်လည်း သိပ်မခက်ခဲတော့ပေ။
ရီဖူရှင်းကလည်း ထိုအကြံအစည်များကို ရိပ်မိကာ ပိုင်စီကို အေးစက်စွာ ကြည့်သည်။
"ဒီအဆင့်အထိ ကိုယ့်အားကိုယ်ကိုးပြီး ရောက်လာမှတော့ တခြားလူတွေက မိတ်ဆက်ပေးဖို့ မလိုပါဘူး... မင်းရဲ့ စေတနာကို ကျေးဇူးတင်ပေမဲ့ ဒါက မလိုဘူး..." ကျူးကော့မင်းယွီက အေးစက်စက် ပြောသည်။ ရီဖူရှင်းနှင့် ဟွာဂျီယူတို့က ချစ်သူများ ဖြစ်ကြသည်ကို အားလုံးက သိကြသော်လည်း ပိုင်စီက ထိုစကားများကို ပြောရဲသည်။