အပိုင်း (၉၃၀)ပြိုင်ဘက်ကင်းခြင်း၏အဓိပ္ပာယ်ကျူးထန် နန်းတော်မှ လူများအားလုံးက စင်မြင့်ထက်မှ သဏ္ဌာန် နှစ်ခုအား ကြည့်နေကြ၏။
ဂူတုံးလျိုနှင့် ယူချင်းတို့က သူတို့၏ ပြိုင်ဘက်များကို အနိုင်ယူပြီး ဖြစ်ရာ နောက်ဆုံးတိုက်ပွဲ တစ်ခုတည်းသာ ကျန်ရစ်၏။ သည်တိုက်ပွဲတွင် ပေ့ချိန်ရန်မှာ ကံဆိုးမိုးမှောင် ကျပြီ ဖြစ်ကြောင်း လူတိုင်းက သိလိုက်ပြီ ဖြစ်သည်။ ရီဖူရှင်းကား ရည်ရွယ်ချက် ရှိရှိဖြင့် ပေ့ချိန်ရန်၏ သက်စောင့် ဝိညာဉ်အား ထိန်းချုပ်ထားပြီး ဖြစ်သည်။
သူက ဘာလုပ်ဖို့ ကြိုးစား နေသနည်း။
ကျူးထန် နန်းတော် တစ်ခုလုံး တိတ်ဆိတ် နေသည်။ အားလုံးက တစ်စုံတစ်ခုအား ရိပ်မိလိုက်ကြပြီ ဖြစ်သည်။
စွေ့ရန်ရှန့် ထိုဓား၏ မျက်နှာက အလွန်အမင်း အရုပ်ဆိုး လာခဲ့သည်။ ပေ့ချိန်ရန်ကား အန္တရာယ် ရှိနေလေပြီ။
ပေ့ချိန်ရန်၏ စိတ်ဝိညာဉ် အသိက ထွက်ပေါ် လာခဲ့လျှင် လူဝံကြီး၏ လက်ထဲမှ သက်စောင့် ဝိညာဉ်မှာ ရုန်းထွက်ရန် ကြိုးစားသည်။ သို့သော် လူဝံကြီး၏ လက်နှစ်ဖက်မှ ထုတ်လွှတ်သော လောကဓာတ် နှစ်ခုမှာ အခိုင်မာဆုံးသော အချုပ်အနှောင် အလား ဓားဝိညာဉ်အား တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။
ထိုအခိုက်တွင် ရီဖူရှင်းက ရုတ်တရက် လက်ဆန့်တန်း လိုက်လျှင် သူ၏ လက်ထဲတွင် ကြယ်အလင်းများမှ တစ်ဆင့် ဖြစ်တည်လာသော နှင်တံ တစ်လက်ကို မြင်တွေ့ရသည်။ ကြယ်တာရာ လောကဓာတ်က နှင်တံအား စီးဆင်းလာခဲ့၏။ ပြင်းထန်သော ဖိအားတစ်ခု ပေ့ချိန်ရန် ထံသို့ ရိုက်ခတ် လာခဲ့၏။
ရီဖူရှင်း လှုပ်ရှားသည်ကို အားလုံးက ကြည့်နေကြသည်။ သူကား အတည် လုပ်တော့မည့်ဟန် ရ၏။
ဟူး ...
ရီဖူရှင်းက ရှေ့သို့ လှမ်းသွား လိုက်လျှင် တိမ်များနှင့် လေများ ရွေ့လျားကြသည်။ လောကဓာတ်များ လှုပ်ခတ် သွားလျှင် အခြေအနေ တစ်ခုလုံးက သူ့လက်ထဲ၌ ရှိနေဟန်ရသည်။
"မဟာ လမ်းစဉ်ကို လေ့ကျင့်ရာမှာ အားနည်းတဲ့ သူက ကောင်းကင်က ပေးအပ်တဲ့ အခွင့်အလမ်းကို ယူပိုင်ခွင့် မရှိဘူး ဟုတ်လား ..." ရီဖူရှင်းက အေးစက်စွာ မေးသည်။ သူ၏ကြီးမြတ်သော ကိုယ်ရောင်ကိုယ်ဝါ ရိုက်ခတ် သွားလျှင် လေဟာနယ်က အေးခဲသွား၏။ ပေ့ချိန်ရန်၏ အနီးမှ ဓားအသိများ မှာလည်း နှေးကွေး သွားသည်။