အပိုင်း (၁၇၁) စစ်သည်တောင်ကုန်း
ရီဖူရှင်း၏ အကြည့်က အလွန်ထူထပ်သော မြူခိုးများအကြားသို့ ထွင်းဖောက် သွားဟန်ရသည်။ မြူခိုးများကို ဖြတ်ကျော်လျက် ကြည့်လိုက်လျှင် မြင်ကွင်းတစ်ခုက သူ၏ အမူအရာများအား ပြောင်းလဲသွားစေကာ ရီဖူရှင်းက ရုတ်တရက် အော်ဟစ်လိုက်သည်... "သတိထား..."။ သူက ပြောနေစဉ်မှာပင် ထောင်ပေါင်းများစွာသော မြားများက ကောင်းကင်တစ်ခွင် ပြည့်နှက်နေအောင် လေတိုးသံများ တဝီဝီပေးလျက် သူတို့ထံ ဆင်းသက်လာနေသည်။ ချက်ချင်းပင် တစ်ယောက်ပြီး တစ်ယောက် ကောင်းကင်သို့ ပျံတက်သွားကြသည်။
ချန်ယန်၏ဘေးမှ ကျောက်ဟန်၊ ရှီတောင်နှင့် တခြားလူများ အားလုံးက ရှေ့ကို ခုန်လွှား သွားကြသည်။ ဓားအားလှိုင်းတစ်ခုက လေထုကို ခွင်းသွားချိန်တွင် ကြီးမားသော ပုဆိန်က သူတို့ထံ ရောက်လာသော မြားများအား ဖြတ်တောက်သွားသည်။
ရီဖူရှင်း၏ရှေ့တွင် သိမ်းငှက်နက်ကြီးက သူ၏ အတောင်ပံများကို ဖြန့်ကာ ခတ်လိုက်လျှင် လေထုအားလှိုင်းများ ဖြစ်ပေါ်လာကာ ရောက်ရှိလာသော မြားများကို ရပ်တန့်စေသည်။ တစ်ချိန်တည်းမှာပင် သိမ်းငှက်နက်က သူတို့အား ရှေ့မှ ဂိတ်တံခါးထံသို့ ခေါ်ဆောင်သွားသည်။ သူတို့က မြူခိုးများကို ကျော်ဖြတ်သွားလျှင် ရှေးဟောင်းနယ်မြေ အတွင်းသို့ စတင် ဝင်ရောက်မိပြီဖြစ်သည်။ သူတို့၏ ရှေ့တွင်မူကား မဆုံးနိုင်သော ချပ်ဝတ် စစ်သည်များကိုတွေ့ရသည်။
"စစ်သည်တောင်ကုန်းကို သွားရအောင်..." အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအသံက သမီးတော်၏ဘေးမှ ထက်ရှသော မျက်လုံးနှင့် လူငယ်က ပြောခြင်း ဖြစ်သည်။ ရီဖူရှင်း၏ မျက်ခုံးများ မြင့်တက်သွားကာ သိမ်းငှက်နက်အား သမီးတော်တို့ အုပ်စုနောက်ကို လိုက်ရန် အမိန့်ပေးလိုက်သည်။ ကြည့်ရသည်မှာ သမီးတော်တို့က ရှေးဟောင်းနယ်မြေကို ရောက်ရှိလာသည်မှာ တစ်ကြိမ်ထက် မကတော့ပေ။
စစ်သည်တောင်ကုန်း ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။ သူတို့ ရင်ဆိုင်နေရသော မရေမတွက်နိုင်သော စစ်တပ်ကြီးမှာ တကယ့်စစ်သည်များ ဟုတ်ပုံမရသော်လည်း သူတို့က တကယ့် သက်ရှိများကဲ့သို့ တိုက်ခိုက်နိုင်သည်။