အပိုင်း (၁၆၉၂)တကယ်လို့ ငါနိုင်ရင် ငါဟာ နင်ပဲ
ဗြမ္မာ့သန့်စင်သခင်မက သူမအား ကြည့်သည်။ ထိုနာကျင်မှုကြောင့် သူမက မေ့မရသည်လား။
"အဲဒါ မင်းရဲ့အတိတ်ဘဝပဲ။ အခုဘဝမဟုတ်တော့ဘူး။ ဘာလို့ အတိတ်ဘဝရဲ့နာကျင်မှုကို ဆက်သည်းခံနေဦးမှာလဲ" သခင်မက မေးသည်။
"ငါ မှတ်မိကတည်းက ဒါဟာ ဘဝတစ်ခုတည်းပဲ" ဟွာဂျီယူက သူမကို ပြန်ကြည့်ကာ ပြောသည်။
ဗြမ္မာ့သန့်စင်ကောင်းကင်သခင်မက အေးစက်စွာကြည့်လိုက်လျှင် မမြင်ရသော အားလှိုင်းတစ်ခုသည် သူမနေရာကို လွှမ်းခြုံလာခဲ့၏။ ကြောက်မက်ဖွယ်အလင်းများ ဟွာဂျီယူ၏ခန္ဓာကိုယ်မှ ဖြာထွက်လာခဲ့သည်။ ဟွာဂျီယူ ရုတ်တရက် တုန်ယင်သွား၏။ သူမသည် ကြီးစွာသော နာကျင်မှုအား ခံစားနေရန်တူသည်။
သူမ၏မျက်နှာက ပြာနှမ်းသွားကာ ခန္ဓာကိုယ်မှ အရိပ်ကိုယ်ပွားအလွှာများ သူမနှင့် ပူးကပ်လိုက်၊ ခွဲခွာလိုက် ဖြစ်နေသည်ကို မြင်ရ၏။ ထိုအရိပ်များမှာ ဗြမ္မာ့သန့်စင်သခင်မနှင့် ရုပ်ချင်းဆင်နေသည်။
ဟွာဂျီယူ၏ခန္ဓာကိုယ်သည် မှုန်ဝါးလာခဲ့ကာ မည်သည့်အချိန်တွင်မဆို ဝေဝါးပျောက်ကွယ်သွားတော့မည့်အလား ထင်မှတ်ရ၏။
နောက်ဆုံးတွင် အလင်းများနှင့်အတူ များစွာသော ပုံရိပ်များ တရိပ်ရိပ်ပေါ်လာခဲ့၏။ ရီဖူရှင်းသာ သည်နေရာ၌ ရှိနေလျှင် သူသည် ထိုပုံရိပ်များမှာ သူ့စိတ်နယ်ပယ်ထဲတွင်ပေါ်လာသော မှတ်ဉာဏ်များဖြစ်ကြောင်း သိရှိပေမည်။
"မင်းက အတိတ်ဘဝကို လိုချင်တာလား၊ ဒီဘဝကိုလိုချင်တာလား" များစွာသော အရိပ်သဏ္ဌာန်များသည် တပြိုင်နက်တည်းတွင် မေးခွန်းများထုတ်နေကြ၏။
"သူက ကောင်းကင်အာဏာစက်ပြည်ထောင်နဲ့ခရမ်းရင့်ကောင်းကင်နန်းတော်ကို ဖျက်ဆီးခဲ့ရင်တောင်မှ ငါ့ကို ဘာမှ မလုပ်နိုင်ဘူးဆိုတာ မင်းသိသင့်တယ်"
ဟွာဂျီယူက ရုတ်တရက် ရယ်မောလိုက်ကာ ပြောသည် "ဒါဆို ရှင့်ရဲ့ မျိုးဆက်များစွာသော ကျင့်ကြံခြင်းတွေ ကျွန်မနဲ့အတူ ပျောက်ကွယ်သွားလိမ့်မယ်"