အပိုင်း(၁၆၅၀): ပြဿနာ
ပျက်စီးခြင်းမြို့တော်တွင် နေရာတိုင်း၌ လေဟာနယ်တံခါးများ ဖြစ်ပေါ်လာသည်။ များစွာသော ပုံရိပ်များသည် ထိုနေရာများမှ ထွက်ပေါ်လာခဲ့ကြပြီးနောက် သက်ပြင်းကြီးများချကာ ပြန်ကြည့်ကြ၏။ ထင်မှတ်ထားသည့်အတိုင်း သူတို့ ခံစားခဲ့ရသော အာရုံသည် နတ်ဘုရားအပျက်အစီးနယ်မြေနှင့်ယှဉ်ပါက ပိုမိုအားနည်းပေသည်။ နေရာနှစ်ခုမှ အသိကား နှိုင်းယှဉ်ရန်ပင် မဖြစ်နိုင်။ သို့သော်လည်း သူတို့တစ်ခု သေချာသည်ကား နောင်တွင် သူတို့သည် အပျက်အစီးနယ်မြေသို့ မည်သည့်အခါတွင်မှ ဝင်ရောက်နိုင်တော့မည် မဟုတ်တော့ပေ။
သူတို့အနေဖြင့် တန်ခိုးမဆင့် မတက်ဘဲ နေခဲ့လျှင်တော့ ဖြစ်နိုင်သော်လည်း ထိုသို့သော ကိစ္စကို မည်သူမှ မလိုလားပေ။ နှစ်၅၀ ကာလအတွင်း သူတို့သည် ရန်ဟောင်အဆင့်သို့ မတက်ရောက်နိုင်ပါက သူတို့၏ကျင့်ကြံခြင်းခရီးစဉ်မှာ အဆုံးသတ်သွားပေလိမ့်မည်။
သိသာစွာပင် အားလုံးသည် ကောင်းမွန်သော အနာဂတ်အား မျှော်လင့်နေကြပေသည်။
လေဟာနယ်တံခါးပေါက်များမှ ပိုမိုများပြားသော လူများ ထွက်ပေါ်လာသည်။ သူတို့သည် အုပ်စုငယ်များအဖြစ်သို့ ကွဲပြားသွား၏။ တူညီသော အင်အားစုများမှ လူများသည် တံခါးတစ်ခုတည်းမှ ထွက်လာကာ မူလနေရာသို့ ပြန်ရောက်လာကြ၏။
ရီဖူရှင်းတို့အုပ်စုသည်လည်း နတ်ဘုရားအပျက်အစီးနယ်မြေမှ ထွက်ပေါ်လာကြ၏။ သူတို့အားလုံး အတူတူထွက်လာခြင်းဖြစ်သည်။ သူ့ဘေးမှ ပေါ်လာသော သောကျောက်အား ကြည့်ကာ ရီဖူရှင်းက မေးသည် "မင်း မိုးမခပင်ကို ဝှက်ယူလာခဲ့တယ်မလား"
သောကျောက်၏မျက်လုံများတွင် ရှက်ရွံ့သော အမူအရာများ ဖြစ်ပေါ်လာ၏။ သို့သော်လည်း သူက မချိပြုံးပြုံးကာ ပြောသည် "မင်းလည်း နတ်ဘုရားအပျက်အစီးနယ်မြေက ရတနာတွေ အများကြီးရခဲ့တာပဲ"
မိုးမခပင်သည်လည်း ရတနာတစ်ခုဖြစ်သည်။ သူတို့အားလုံးက သိပ်မခြားနားပေ။
"မင်း မှန်တယ်" ရီဖူရှင်းက တွေးတောဟန်ဖြင့် ပြောသည်။
သောကျောက်၏အမူအရာ ပုံမှန်ဖြစ်လာ၏။ ရတနာများနှင့်ပတ်သက်၍ ပြောရမည်ဆိုပါက နတ်ဘုရားအပျက်အစီးနယ်မြေသို့ ဝင်ရောက်သူများထဲတွင် ရီဖူရှင်းသည်သာ အများဆုံး အကျိုးအမြတ်ရသူ ဖြစ်ပေလိမ့်မည်။ သည်အကောင်ကား ရတနာအများ ကြွယ်ဝစွာ ရှိနေသော လေဟာနယ် ခန်းမဆောင်တစ်ခုလုံးအား အပိုင်ရခဲ့၏။ သူနှင့် ယှဉ်ပါက သောကျောက်ကား သစ်ပင်တစ်ပင်ကိုသာ နှုတ်ယူလာခြင်းဖြစ်သည်။ ခြားနားမှုကို တွေးမိလျှင် သောကျောက် စိတ်ပျက်အားငယ်၏။