အပိုင်း ၄၂၁ မှ ၄၃၀ အထိ

1.4K 56 2
                                    

အပိုင်း (၄၂၁)စီနီယာအစ်ကိုနှင့် ထပ်တွေ့ခြင်း

နောက်တစ်နေ့ နံနက်တွင် ဝမ်မိသားစု ခြံဝင်းရှေ့တွင် လူတစ်စုက ထွက်ခွာရန် အဆင်သင့် ပြင်နေသည်ကို တွေ့ရသည်။ ဝမ်မိသားစုဝင် များစွာက ဝမ်ယွီချန်းနှင့် ရီဖူရှင်းကို လာရောက်ကာ လိုက်ပါ ပို့ဆောင်ကြသည်။ ကလန်လေးခုပြိုင်ပွဲတွင် ရီဖူရှင်း၏အနိုင်ရမှုက ဝမ်မိသားစုအတွက် တကယ့်ကြီးကျယ်သော အောင်မြင်မှုဖြစ်သည်။ ရီဖူရှင်းက သူတို့ထံတွင် နောက်ထပ် ဆက်မနေမှတော့ သူတို့က ယန်ရီနှင့် ယန်ထန်းတို့ကိုသာ ကောင်းမွန်စွာ ဆက်ဆံပေးခြင်းဖြင့် ကျေးဇူးတင် နိုင်တော့သည်။

"အစ်ကိုကြီးရီက ပြန်မလာတော့ဘူး... ဟုတ်တယ်မလား..." ရီဖူရှင်းအား စိုက်ကြည့်နေသော ယန်ရီက နှုတ်ဆက်စကား ပြောရန် လိုလားပုံမရပေ။

"မင်းက ဘာလို့ ဒီလို တွေးရတာလဲ... မှတ်ထားနော်... ငါက မင်းရဲ့ လက်ထပ်ပွဲကို မြင်တွေ့ချင်သေးတယ်... ငါက အခွင့်အရေးရရင် ပြန်လာခဲ့မယ်... မင်းသာ ကောင်းကောင်း လေ့ကျင့်ပြီးနေ... ဟုတ်လား..." ရီဖူရှင်းက သူမကို ပြုံးလျက်ပြောသည်။ သို့သော် သူ့အတွက် ပြန်လာဖြစ်ရန် လွန်စွာ ခက်ခဲမည်ကို သူသိသည်။ ယွန်ယွဲ့မြို့ကား သူ့အတွက် ခရီးတစ်ထောက်နားရာ အရပ်တစ်ခုသာ ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်ကား မြေရိုင်းဒေသ၏ အချက်အချာ အကျဆုံးနေရာ ဖြစ်သော ကျုံကျိုးမြို့ကို သွားရန် ဖြစ်သည်။

"ဒါက လိမ်တာ မဟုတ်ဘူးမလား..." ယန်ရီက သံသယ မျက်လုံးဖြင့် ကြည့်သည်။ သူမ၏ပုံစံက လွန်စွာ ချစ်စဖွယ် ကောင်းလှသည်။

"ငါက လိမ်တဲ့လူနဲ့ တူလို့လား..." ရီဖူရှင်းက သူမ၏ဆံပင်များအား အသာအယာကိုင်ကာ ရယ်မောသည်။

"ကတိ..." ယန်ရီက သူမ၏လက်သန်းလေးအား ဆန့်ထုတ်သည်။

"ကတိ..." ရီဖူရှင်းကလည်း သူ၏လက်သန်းကို ဆန့်ထုတ်ကာ သူမ၏လက်သန်းနှင့် ချိတ်လိုက်သည်။ ယန်ရီက နောက်ဆုံးတွင် လက်ခံလိုက်ဟန်ရသည်။ ယန်ထန်းက ထိုမြင်ကွင်းအား ကြည့်ကာ ပြုံးသည်။ ရီဖူရှင်းက ယန်ရီအား နှိမ်သိမ့်နေခြင်းသာ ဖြစ်ကြောင်း သူသိသည်။ သည်မြို့ကား ရီဖူရှင်းအတွက် သေးငယ်လွန်း၏။

ဒဏ္ဍာရီထဲက ဖူရှင်း {republish version}Hikayelerin yaşadığı yer. Şimdi keşfedin