အပိုင်း (၁၀၉၈)လေလုံးထွားခြင်း
ဘုရင်ခံ၏ အိမ်တော်တစ်ခုလုံး လူစည်ကား လာခဲ့သည်။ ဂိတ်တံခါးသို့ လူများ အဆက်မပြတ် ရောက်ရှိလာခဲ့ကြကာ တော်ဝင်မြေများမှ ထိပ်သီး ပုဂ္ဂိုလ်များအား ကြည့်ရှုလိုကြ၏။
ရန်ဒေသဘုရင်ခံက အိမ်တော်သို့ လာရောက် လည်ပတ်သူများနှင့် အထူး ဧည့်သည်တော်များအတွက် ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။ ဧည့်ခံပွဲ ပြီးသွားသောအခါမှ သူတို့က လီဝမ်မြို့သို့ ထွက်ခွာကြမည် ဖြစ်သည်။
ရီဖူရှင်းက လေရိုင်းရှန့်ထိုဓားနှင့် ရောက်လာရာ သူနှင့်အတူ ထိုင်ရပေသည်။ သို့သော်လည်း ညစာစားပွဲတွင် လေရိုင်း ရှန့်ထိုဓားသည် မိမိကိုယ်ကို နှိမ့်ချနေထိုင်၏။ မည်သို့ဆိုစေ သူကား တော်ဝင်မြေငါးခုတွင် အားအနည်းဆုံး ဖြစ်သည်။ ထို့ကြောင့် သူက စကားအနည်းငယ်သာ ပြောကာ များများ နားထောင်ပေသည်။
"ဘုရင်ခံ ... ဒီတစ်ခါ အထက်ဘုံကနေ အောက်ဘုံသို့ ဘယ်သူ လာမှာလဲ" စီဝေ့ရှန့်ထိုဓားက မေးသည်။ အောက်ဘုံမှ ပါရမီရှင်များအား ရွေးချယ်ရန် အထက်ဘုံမှ တစ်စုံတစ်ဦး လာမည်ကို သူတို့အားလုံး သိကြသည်။
"ကျုပ်က အသေးစိတ်တော့ မသိဘူး။ လီဝမ်မြို့သို့ ရောက်ရင်တော့ သိလောက်တယ်" ရန်ဒေသဘုရင်ခံက ပြောသည်... "ဒါပေမဲ့ ဒီကိစ္စက တာလီနန်းတွင်း အကြံပေးကိုယ်တိုင် အမိန့်ပေး ညွှန်ကြားတာဖြစ်လို့ အရေးကြီးပုံရတယ်။ ဒါက ပြီးခဲ့တဲ့နှစ် နတ္ထိဘုံတိုက်ပွဲနဲ့ သက်ဆိုင်မယ် ထင်တယ်"
"နန်းတွင်း အကြံပေး ..." အားလုံး၏မျက်လုံးများတွင် လေးစားသော အငွေ့အသက်များ ဖြစ်ပေါ်လာကြသည်။ နန်းတွင်းအကြံပေးနှင့် ပတ်သက်၍ ကောလာဟလများစွာကို သူတို့ ကြားဖူးကြပေသည်။ သူကား တာလီပြည်ထောင် အင်အား ကြီးမားလာခြင်းတွင် အဓိက အခန်းကဏ္ဍ၌ ပါဝင်ပေသည်။
အောက်ဘုံမှ လူများသည်ပင် တာလီပြည် နန်းတွင်းအကြံပေး၏ ဂုဏ်သတင်းများကို ကြားဖူးကြပေသည်။ သူကား အင်ပါယာပြီးလျှင် အမြင့်ဆုံးသော အဆင့်အတန်းအား ပိုင်ဆိုင်သူဖြစ်၏။