အပိုင်း (၄၆၁) တစ်ပါးသူအားမှီခိုသူ
ရီဖူရှင်းက လူအုပ်ထဲတွင် တိတ်ဆိတ်စွာ ရပ်နေကာ ကြောက်မက်ဖွယ် သိုင်းပညာ ကံစွမ်းအားများ ထုတ်လွှတ်နေသော ကြီးမားသော စစ်တပ်ကြီးအား ကြည့်နေသည်။ စစ်တပ်ကြီးက မျက်စိတစ်ဆုံး ကျယ်ပြောလွန်းရာ စစ်သည်ပေါင်း မည်မျှ ရှိမည်ကို ဘယ်သူမှ အတိအကျ မပြောနိုင်ပေ။
ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များအားလုံး လေးနက် တည်ကြည် နေကြသည်။ သည်နေရာက အကန့်အသတ်တစ်ခု ဖြစ်သည်ဟု သူတို့ နားလည်ထားကြ၏။ သည်နေရာကို ဖြတ်သန်း သွားနိုင်သူက ပိုမိုကောင်းမွန်သော အခွင့်အရေးများနှင့် တွေ့ကြုံရမည်။
ထိုနေရာသို့ လူများ တဖြည်းဖြည်း ရောက်ရှိ လာနေကြသည်။ ဆဋ္ဌမဘုံသို့ ရောက်ရှိလာနိုင်သူကား အဆင့်မြင့် အကာနာ တန်ခိုးရှင်များ သို့မဟုတ် ပါရမီမြင့် တန်ခိုးရှင်များ ဖြစ်ကြ၏။ မကြာမီ ထိပ်သီးကျောင်း သုံးကျောင်းကလည်း စစ်တပ်တစ်တပ် အလား ဖြစ်လာ၏။ သူတို့အားလုံးက လေးနက်သော အမူအရာများ ရှိနေကြသည်။
သူရိယနေမင်း ကျောင်းမှ တပည့်တစ်ယောက်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်... "အချိန်ကျပြီ... သွားစို့... " ချက်ချင်းပင် လူတိုင်းက သူတို့၏ သိုင်းပညာ ကံစွမ်းအားများကို ထုတ်လွှတ် လိုက်ကြကာ ရှေ့ကို ပြေးသွားကြသည်။
လူအုပ်ကြီး၏ရှေ့ဆုံးမှ ပြေးနေသူကား သူရိယနေမင်းကျောင်းမှ တပည့်တစ်ယောက် ဖြစ်၏။ နေသူရိန် ဓားတစ်လက်ကို ဆုပ်ကိုင်ကာ သူက လေထဲကို လွှားခနဲ ခုန်ပျံသွားသည်။ သူ၏ ခန္ဓာကိုယ်တွင် သိုင်းပညာ ကံစွမ်းအားများက မီးတောက်များအဖြစ် ပြောင်းလဲသွားကာ သူ၏ နေသူရိန်ဓားသို့ စီးဆင်းသွားသည်။ ဓားက ချက်ချင်း နီရဲလာကာ သူက ဓားကို ထောင့်ဖြတ် ဝှေ့ယမ်းလိုက်သည်နှင့် နေမင်း ရောင်ခြည်များကဲ့သို့ အလင်းတန်းများက သူ၏ရှေ့မှ စစ်သည်များထံသို့ ကျဆင်းသွား၏။ တဝုန်းဝုန်း မြည်ဟည်းသံများနှင့်အတူ များစွာသော စစ်သည်များက သေဆုံးသွားကာ သိုင်းပညာ ကံစွမ်းအားများက ထိုသူရိယ နေမင်းကျောင်းသားထံသို့ ပျံသန်းကာ စီးဆင်းသွား၏။