အပိုင်း(၈၁၁)တူညီသော မြင်ကွင်း
တော်ဝင်အလင်းနန်းတော်မှ လူများက ထက်ရှသော မျက်လုံးများဖြင့် သင်္ချိုင်းကုန်းကျေးရွာမှ လူများကို ကြည့်သည်။
" ဒီနေရာမှာ ကျုပ်တို့ကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ခက်တယ်။ ဝင်္ကပါက ကျုပ်တို့အတွက်လည်း ခက်ခဲတယ် " သင်္ချိုင်းကုန်းကျေးရွာမှ လူများက ဝင်္ကပါကို ဖြိုဖျက်ရန် နည်းလမ်းရှာနေဟန်ဖြင့် ပြောကြသည်။
တော်ဝင်အလင်းနန်းတော်မှလူများက စတင်၍ စိုးရိမ်လာကြသည်။ သည်မတိုင်ခင်က မရဏတောင်မှာ သိပ်အန္တရာယ်မများဟု တစ်ယောက်က မှတ်ချက်ပေးခဲ့သည်။ သို့သော် ယခု သူတို့အားလုံံးက အထဲ၌ပိတ်မိနေကြပြီဖြစ်သည်။
" ဝင်္ကပါက တဖြည်းဖြည်း ပိုအားကောင်းလာတယ် " တော်ဝင်မြေမှ တန်ခိုးရှင်အချို့က ပြောကြသည်။ အချိန်ကြာလာသည်နှင့်အမျှ သူတို့ကို ပိတ်ဆို့ထားသော ဝင်္ကပါမှာလည်း တဖြည်းဖြည်းအားကောင်းလာခဲ့ကာ နောက်ဆုံးတွင် ဖြိုဖျက်မရနိုင်သည့်အဆင့်သို့ ရောက်သွားနိုင်ပေသည်။
မရဏတောင်ကား နွေဦးပြည်နယ်၊ ချီပြည်နယ်၊ ဖုန်းပြည်နယ်နှင့် အရှေ့ဘက်ပြည်နယ်တို့အကြားနယ်စပ်တွင် တည်ရှိသည်။ ထို့ကြောင့် ထိုပြည်နယ်များမှ တော်ဝင်မြေများအားလုံးနီးပါး သည်နေရာကို ရောက်နေကြ၏။ ယခုကား တော်ဝင်မြေများအားလုံး ပိတ်မိနေကြ၏။
ရာရာက ရီဖူရှင်းကို ကြည့်သည်။
ရီဖူရှင်းက ပြန်ကြည့်သည် " ဘာလို့ ငါ့ကို ကြည့်နေတာလဲ "
" အစ်ကိုကြီး " ရာရာက အော်ဟစ်လိုက်သည်။
" မင်း သဘောပဲ "
ရီဖူရှင်းက ထိုသို့ပြောကာ လျက်တပြက် ပြေးထွက်သွားသည်။ သူကား သင်္ချိုင်းကုန်းကျေးရွာမှ လူများပိတ်မိနေသော ဝင်္ကပါသို့ လှမ်းသွားလိုက်သည်။ သူကား အမှန်ပင် ပြင်ပမှနေ၍ ဝင်္ကပါအတွင်းသို့ တိုက်ရိုက်ဝင်ရောက်သွားနိုင်ခဲ့၏။
" မင်းက ဒီကို ဘာလာလုပ်တာလဲ " ယင်က ရီဖူရှင်းကို ဘေးတစောင်းကြည့်ကာ ပြောသည်။