အပိုင်း(၁၃၅၈) ဂူထျန်းရှင်း
ဂူတုံးလျှိုသည် ချောင်းဆိုး လိုက်သောအခါ သွေးတို့ပါလာခဲ့ပြီး ခေါင်းကို ငုံ့လိုက်သည်။ သူက လူအုပ်ထဲမှ ထွက်လာသည့် ဓားသခင်နှင့် ရီဖူရှင်းတို့ကို ကြည့်လိုက်၏။ သူက ကြွင်းကျန်နေသည့် အသက်စွမ်းအားကို အသုံးပြု၍ သူတို့ထံသို့ အသံပို့လွှတ်လိုက်သည်။
"ဝင်မပါနဲ့"
ဓားသခင်နှင့် ရီဖူရှင်းသည် ဂူတုံးလျှိုက သူတို့ကို သွေးလွှမ်းသည့် မျက်ဝန်းတစ်စုံဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။ သူက ဓားသခင်ကို စိတ်ချင်း ဆက်သွယ်၍ ပြောလိုက်သည်။
"အစ်ကိုကြီး ... ရီဖူရှင်းကို စောင့်ကြည့်ထားပါ"
ဓားသခင်နှင့် ရီဖူရှင်းသာ ဤအခြေအနေ၌ ဝင်ပါခဲ့လျှင် ကောင်းကင် အာဏာစက်ဘုံမှ ဤပုဂ္ဂိုလ်ကြီးများက သူတို့ကို ပုရွက်ဆိတ်များကဲ့သို့ သတ်ဖြတ်ပစ်လိုက်မည် ဖြစ်သည်။
ဤပုဂ္ဂိုလ်ကြီးများ၏ ရှေ့၌ သူတို့သည် အလွန်ပင် အားနည်းလှသည်။
သူတို့က မည်မျှ ပါရမီရှိပါစေ သူတို့ထက် အလွန်ပင် စွမ်းအား ကြီးမားသည့် ပုဂ္ဂိုလ်ကြီးများထံမှ အကြည့်တစ်ချက် အတွေးတစ်စကိုပင် ခံနိုင်ရည် ရှိလိမ့်မည်မဟုတ်ပေ။
ထိုအဓိက ပုဂ္ဂိုလ်ကြီးများသည် ရီဖူရှင်းနှင့် ဓားသခင်တို့၏ ဖြစ်တည်မှုကို လျစ်လျူရှု ထားကြသော်လည်း ရီဖူရှင်းနှင့် ဓားသခင်သာ အတင်းအကျပ် ဝင်ပါခဲ့ပါက သူတို့၏ မျက်လုံးများထဲမှ ပုရွက်ဆိတ်များကို သတ်ဖြတ်ပစ်ရန် လက်တွန့်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ဤကိစ္စတွင် ဓားသခင်ဖြစ်စေ ရီဖူရှင်းဖြစ် ဝင်ရောက် စွက်ဖက်ခြင်း မပြုနိုင်ပေ။ ထိုသို့ လုပ်ခဲ့ပါက သူတို့ အသတ်ခံကြရမည် ဖြစ်သည်။
ဓားသခင်၏ အနီးဝန်းကျင်တွင် ဓားစွမ်းအားများ ရစ်သိုင်းလာသည်။ ဂူတုံးလျှိုက သူ့ကို ရီဖူရှင်းအား စောင့်ကြည့်ရန် ပြောလေသည်။
သို့သော် သူက သူကိုယ်တိုင်ကိုပင် မထိန်းချုပ်နိုင်ပေ။
ဓားသခင်သည် သူ၏ တုန်ရီနေသော လက်ကို ဆန့်ထုတ်ကာ ရီဖူရှင်း၏ ပခုံးပေါ်သို့ တင်လိုက်ပြီး ရီဖူရှင်း၏ ခန္ဓာကို ဖိအားပေးကာ ဖိနှိပ်ထား လိုက်သည်။ သူတို့ နှစ်ယောက်လုံးသည် မြေပြင်ပေါ် ပြိုလဲကာ ကောင်းကင်တွင် ဖြစ်သမျှ အရာအားလုံးကို မော့ကြည့်လိုက်သည်။