အပိုင်း( ၅၁၁)ရန်သူဟောင်းများ
ကောင်းကင်ပြက္ခဒိန်၏ ၁၀၀၀၆ ခုနှစ် အစတွင်ပင် တော်ဝင် ကျဲနန်းတော်၏ တော်ဝင်လမ်း ကိုးလမ်းလုံး ဖွင့်လှစ်ခဲ့သည်။
မရေမတွက်နိုင်သော လူများက ပျက်စီးခြင်းပင်လယ်ကို ကျော်ဖြတ်ကြသည်။ တချို့က ယာဉ်ပျံများ၊ တချို့က သတ္တဝါဆန်းများ၊ တချို့က ကိုယ်တိုင် ပျံသန်း၍ ၎င်း ပင်လယ်ကို ကျော်ကြသည်။ အားလုံး၏ တစ်ခုတည်းသော ဦးတည်ချက်ကား အာရုဏ်လမ်း...
ရီဖူရှင်းတို့ အုပ်စုကလည်း ထိုလူအုပ်ကြီးထဲတွင် ပါသည်။ လူအုပ်ကြီးက များပြားလွန်း ရကား ထိုအထဲတွင် ရင်းနှီးသူများ ပါလျှင်ပင် အလွယ်တကူ သတိထားမိရန် မလွယ်။ ရီဖူရှင်း၏ ဘေးနားတွင်ကား ရီဖူရှင်း မှတ်မိသူ တစ်ယောက်မှ မပါ။
"အာရုဏ်လမ်း..." ရီဖူရှင်း ရေရွတ်ကာ ရှေ့ကို ကြည့်သည်။ သူက တစ်နေရာရာမှ လှုပ်လှုပ်ရှားရှား အသံတစ်သံကို ကြားရသည်။
"ငါတို့နောက်ကို ကြည့်..." တစ်စုံတစ်ယောက်က ထိတ်လန့်စွာ ပြောသည်။
"သားရဲရွှေလူဝံ..." ဟိုမှ သည်မှ မှတ်ချက်များကို ကြားကြရသည်။ ရီဖူရှင်းကလည်း နောက်ကို လှမ်းကြည့်သည်တွင် ဧရာမ သားရဲကြီး တစ်ကောင်က ပင်လယ်ကြီးကို ကူးနေသည်ကို မြင်ရသည်။ သို့သော်လည်း ထိုအကောင်ကြီးကား ရေထဲ လမ်းလျှောက် နေသည့်တိုင် သူ၏ခန္ဓကိုယ် တစ်ပိုင်းခန့်က ရေပြင်ထက်ကို ပေါ်နေသေးရာ သူက မည်မျှ ကြီးမားသည်ကို တွေ့နိုင်သည်။
ထိုသားရဲအား ရွှေဖြင့် ပြုလုပ်ထားသလား ထင်မှတ်ရသည်။ သူ၏ခန္ဓာကိုယ်က ရွှေရောင်များ ဝင်းလက် တောက်ပြောင်နေသည်။ သူ၏မျက်လုံးများကလည်း ရွှေရောင်များ တလက်လက် ထနေကာ မာန်ဟုန်ပြင်းသော အကြည့်ကို ဖြစ်စေသည်။
"အဲဒါက မဟာရွှေလူဝံပဲ... ထိုက်ချွန်တော်က သားရဲအိုကြီးရဲ့ ဆက်ခံသူပဲ..." တစ်ယောက်က ပြောသည်။
"သားရဲတွေကလည်း တော်ဝင်ကျဲနန်းတော်မှာ လေ့ကျင့်နိုင်တာလား..." ရီဖူရှင်းက မေးသည်။
"နန်းတော်က အဲဒီအကောင်ကြီးကို ခေါ်ချင်သလားအပေါ် မူတည်တယ်... ဒါက လူဝံတွေထဲမှာ အရမ်းကို ရှားပါးတဲ့ မဟာရွှေလူဝံပဲ... သူတို့က သားရဲလောကမှာ မရှိဘဲ မြေရိုင်းဒေသမှာ ဘာလို့ ရှိနေရတာလဲ ဘယ်သူမှ နားမလည်ဘူး..." ချင်ရန်က ဖြေသည်။