အပိုင်း(၁၁၆၂): သတင်းစကား
ရီဖူရှင်းနှင့် ယောင်းချီ တို့က နတ်သမီးကျွန်းတွင် စကားပြောနေကြသည်။ ထိုစဉ် အခြားကျွန်းတစ်ခုတွင်လည်း သက်ဝင်လှုပ်ရှားနေ၏။
ထိုကျွန်းမှာ မင်းသား၅ဖြစ်သော ရှားလွင် ရှိနေသည့် ကျွန်းပင် ဖြစ်သည်။ ထိုအချိန်၌ တည်ခင်းဧည့်ခံပွဲသည် စတင်နေပြီဖြစ်ကာ လူတိုင်းက ထိုင်ကာ သူတို့၏ နှလုံးသားရေးရာ အကြောင်းများကို ပြောဆိုနေကြသည်။
နေရာအသီးသီးမှ အကျော်အမော်များလည်း ထိုကျွန်းသို့ ရောက်လာကြသည်။ ရွှမ်ယွင်နန်းတော်မှ လူများ၊ ကျူးထန်နန်းတော်၊ ထန်ကျိနန်းတော်၊ ချင်နန်းတော်၊ သူရာနန်းတော်နှင့် အခြားသော ပါရမီရှင်များ၊ တခြားနေရာများမှ တပည့်များလည်း ရောက်ရှိလာကြသည်။
မည်မျှပင် ထူးချွန်သူဖြစ်ပါစေ နောက်ဆုံး၌ အင်ပါယာရှားဘုံတွင် အင်ပါယာရှားကသာ အုပ်စိုးသည်။ ထိပ်တန်းအင်အားစုများသည် အင်ပါယာ၏ စီရင်မှုအောက်တွင်သာ ရှိ၏။ ထို့ကြောင့် မင်းသား ရောက်လာသည့်အခါ လိုက်နာရမည့် လောကဝတ်အရ လေးစားမှုကို ပြသရပေသည်။
ထပ်ပေါင်းပြောရလျှင် အိမ်ရှင်ဖြစ်သည့် ယောင်းထိုင်နန်းတော်ကလည်း သူတို့၏လူဖြစ်သည့် ရှန့်ထိုအဆင့်တန်ခိုးရှင် နတ်မိမယ်ယွင်ရှန်အား ကိုယ်စားလှယ်အနေဖြင့် စေလွှတ်ပေးရသည်။ သူမသည် ယောင်းထိုင်နန်းတော်တွင် မြင့်မားသောအဆင့်အတန်း ရှိ၏။ သူမ၏ အလှက ယောင်းချီကို မယှဉ်နိုင်သော်လည်း သူမသည်လည်း မူးမေ့စေနိုင်လောက်သည့် အလှပိုင်ရှင်လေးပင် ဖြစ်သည်။
သို့သော်လည်း လူအများက မြင်တွေ့လိုသည်မှာ ယောင်းချီသာ ဖြစ်၏။ နောက်ဆုံးတွင်တော့ ယောင်းထိုင်နန်းတော်မှ ထွက်လာသမျှ ကောလာဟလအားလုံးက ယောင်းချီ၏ အကြောင်းသာ ဖြစ်လေသည်။
"ကျုပ်က အပြင်ကို သိပ်မထွက်ဖြစ်တတ်ဘူး။ ဒီနေ့မှာတော့ ကျုပ်က အင်ပါယာရှားဘုံက ပါရမီရှင်တွေနဲ့ တွေ့ဆုံခဲ့ရတယ်။ ဘယ်လောက် ကောင်းလိုက်သလဲ။ ခွက်မြှောက်ကြတာပေါ့" မင်းသား၅ရှားလွင်က အပြုံးနှင့်အတူ သူ၏ အရက်ခွက်ကို မြှောက်သည်။ သူ၏ သိမ်မွေ့သော အမူအရာက ဆွဲဆောင်မှု ရှိလှသည်။