အပိုင်း(၂၀၁) ကျုပ်ကို သိနားလည်တဲ့လူက ကျုပ်ရဲ့ မောက်မာဝင့်ကြွားမှုကို နားလည်တယ်...
မှန်တောင်ထိပ်ပေါ်တွင် မျက်လုံးပေါင်းများစွာက လက်တစ်ဖက်ကို ထပ်မံမြှောက်လိုက်သော ရီဖူရှင်းကို ကြည့်နေကြသည်။ ကိုးကြိမ်မြောက် စည်တော်သံကား ကောင်းကင်နှင့် မြေပြင်ကို လှုပ်ခတ်လျက် တစ်ကြိမ်တည်း မြည်ဟည်းသွားပြီး ဖြစ်သည်။ သူက ယခု ဘာလုပ်နေသနည်း။ ဤတစ်ကြိမ်တွင်ကား ရီဖူရှင်း၏ နှလုံးသားကား ရေပြင်ကဲ့သို့ တည်ငြိမ်သည်။ အင်အားတစ်ခုက စည်တော်မှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲကို စီးဆင်းလာသည်။ ထိုစိတ် အသိအင်အားကား ကြောက်မက်ဖွယ် ကောင်းလှသည်။
သူက ထိုအရာနှင့် လေ့ကျင့်နိုင်သည်။
ယူချင်း၏ နိုဘယ်ကံစွမ်းအားက ဤနေရာတွင်ပင် အလယ်အလတ်အဆင့် နိုဘယ်ကံစွမ်းအား အဖြစ် ပြောင်းလဲခဲ့သည်။
ရီဖူရှင်းက သူ၏ လက်ကို တစ်ဖန်မြှောက်လိုက်သည်။ ကောင်းကင်တွင် ပန်းရောင်လျှပ်စီး အက်ကွဲမှုတစ်ခု ဖြစ်သွားကာ ကံစွမ်းအား အသိထဲကို ပျော်ဝင်သွားသည်။ သူ၏ လက်မှ နဂါးတစ်ကောင်၏ အော်သံတစ်ခု ရေးရေးကြားရသည်။
လူတိုင်း၏ မျက်မှောက်တွင်ပင် ရီဖူရှင်း၏ လက်က စည်တော်ကို ထိခတ်သွား၏။ စည်တော်သံက တစ်ဖန် ထွက်ပေါ်လာပြန်သည်။
ဘုန်း...။ ထို့နောက် လျှပ်စီးအက်ကွဲမှုနှင့်အတူ စည်တော်က စိတ်အသိနှင့် တစ်သားတည်း ဖြစ်သွားသည်။ ကောင်းကင်တွင် နဂါးဟန်းသံနှင့်အတူ လျှပ်စီးများ ကခုန်ကြသည်။ ထိုအရာက ကောင်းကင်တစ်ခုလုံးကို ရိုက်ခတ်သွားစေနိုင်သော ကြောက်မက်ဖွယ် လျှပ်စီးမုန်တိုင်းတစ်ခု ဖြစ်သွားသည်။
ကောင်းကင်က လျှပ်စီးကမ္ဘာတစ်ခုအလား ပြောင်းလဲသွားပြီး လျှပ်စီးနဂါးများ ကခုန်နေကြသည်။ ထိုကြောက်မက်ဖွယ် ကောင်းသော ထူးဆန်းဖြစ်စဉ် အောက်တွင် ထိုထိတ်လန့်ဖွယ် လျှပ်စီးများက ရီဖူရှင်း၏ ခန္ဓာကိုယ်ထံသို့ အဆက်မပြတ် စီးဆင်းလာကြသည်။ ထိုအရာက သူ့အား ရစ်ပတ်လွှမ်းခြုံသွားကာ သူ့အား လျှပ်စီးနတ်ဘုရားသဖွယ် ပြောင်းလဲသွားစေသည်။ စည်တော်ထံမှ ဆယ်ချက်မြောက် အသံထွက်ပေါ်လာသည်။ စည်တော်က ဆယ်ကြိမ် မြည်ဟည်းသည်။ လျှပ်စီးနှင့် မိုးကြိုးများ ဖြစ်ပေါ်လာသည်။