အပိုင်း(၁၃၂၂): စစ်တပ်များရောက်ရှိလာခြင်း
အင်ပါယာလီမြို့အတွင်းဘက် နန်းတော်တွင် တိမ်မည်းများက နေရာတစ်ခုလုံးအား လွှမ်းခြုံထားသည်ဟု ထင်မှတ်ရသည်။
မင်းသား၊မင်းသမီးများ၊ တော်ဝင်အနွယ်များနှင့် အခြားသော အမတ်များအားလုံးက တစ်နေရာတည်းတွင် စုစည်းနေကြပြီး စစ်တပ်များက တစ်မြို့လုံးကို စောင့်ကြပ်နေ၏။
အင်ပါယာလီ၏ အုပ်ချုပ်မှုအောက်တွင် နန်းတွင်းအကြံပေးက ပြည်တွင်းအရေးများကို ကိုင်တွယ်ဖြေရှင်းရပြီး ဘုရင်ထန်တောက်က ပြင်ပရေးရာကိစ္စများကို ကိုင်တွယ်ရလေသည်။ ထိုအုပ်ချုပ်မှုစနစ်သည် တာလီပြည်ထောင်ကို အလွန် တောင့်တင်းသန်မာလာစေပြီး ကြီးပွားချမ်းသာကာ အိမ်နီးချင်းဘုံဖြစ်သည့် အင်ပါယာရှားဘုံထက် သာလွန်ခဲ့သည်။
ထို့ကြောင့် တာလီစစ်တပ်ရှိ များစွာသော လူများနှင့် မင်းမှုထမ်းများသည်လည်း သူတို့က ဘုံစစ်ပွဲကို စတင်နိုင်သည့် အခြေအနေရှိပြီး အင်ပါယာရှားဘုံ၏ ကျင့်ကြံရေးအရင်းအမြစ်များကို သိမ်းပိုက်နိုင်ကာ တာလီ၏ စွမ်းအားကို ချဲ့ထွင်၍ ပို၍ သန်မာလာအောင် လုပ်နိုင်မည်ဟု ယုံကြည်ကြသည်။
သို့သော်လည်း ထိုအတွေးများက လွန်ခဲ့သည့် နှစ်အနည်းခန့်တွင် တာလီပြည်ထောင်အတွင်း ရီဖူရှင်း ပေါ်ပေါက်လာသည်မှ စတင်ကာ ပြောင်းလဲသွားခဲ့၏။ ထို့နောက်တွင် သူ့ကြောင့်ပင် တာလီနန်းတွင်းအကြံပေးမှာ အပြစ်ကျခံခဲ့ရကာ ထိုနေရာ၌ တည်ရှိသည့် နန်းတွင်းအကြံပေးအိမ်တော်သည်လည်း ပျောက်ကွယ်သွားရလေသည်။
မကြာခင်နှစ် အနည်းငယ်အတွင်းတွင် အင်ပါယာရှားဘုံက ဘက်ပေါင်းစုံမှ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး တာလီပြည်ထောင်ကို ဖိအားပေးခဲ့သည်။
အခြေအနေသည် လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။
မြင့်မြင့်မားမား ခန့်ထည်စွာ ရှိနေသည့် နန်းတော်၏ ရွှေရောင်ခန်းမအလယ်တွင် အင်ပါယာလီ ရပ်နေလျက် ရှိသည်။ အောက်ဘက်ရှိ လူများသည်လည်း လှုပ်ရှားနေကြသည်။ သတင်းပို့သူများသည် ထွက်လိုက်ဝင်လိုက်ဖြင့် စစ်တပ်အခြေအနေကို အဆက်အပြတ် အစီရင်ခံနေကြ၏။