အပိုင်း (၁၂၁) သူ့တစ်သက်လုံးတွင် အမှတ်ရနေမည့် တစ်စုံတစ်ခု
ရီဖူရှင်းက ထိုသို့ ပြောလိုက်သည်နှင့် လူအများအပြားက ထိတ်လန့် သွားကြသည်။ ထိုချောမောသော လူငယ်လေးအား ကြည့်သော သူတို့အကြည့်က အေးခဲသွားဟန်တူသည်။
သူက မှော်ဂီတပညာရပ်ကို မိမိကိုယ်ကို တိုးတက်ရန် အလို့ငှာ လေ့လာသည်တဲ့လား။
ယခုတိုက်ခိုက်မှုတွင်ပင် ရီဖူရှင်း၏မှော်ဂီတပညာက ချင်ကလန်မှ အထက်မြက်ဆုံးသော လူငယ်ပါရမီရှင်အား အဆုံးစွန်သော အားထုတ်မှုကို ရောက်အောင် ဖိအားပေးနိုင်ခဲ့ရာ ယခု သူက မှော်ဂီတပညာမှာ သူအမှန်တကယ် ကျွမ်းကျင်သည့်ပညာ မဟုတ်ဟု ဘုရင်မင်းမြတ်ကို ပြောနေသည်။ သည်အရာကား...
ဘေချူ၏အမူအရာ ပြောင်းလဲသွားသည်။ ယခုအချိန်အထိ သည်တိုက်ပွဲအတွက် သူ့တွင် ဂုဏ်ယူစရာ တစ်ကွက်မျှပင် မရှိပေ။ သူက ရီဖူရှင်း၏ အပြုအမူများအတွက် လက်စားချေနေခြင်း သက်သက်သာဖြစ်သည်။ ဤသည်ကို သူလည်း သိသည်။ ပရိသတ်များအားလုံး သိသည်။ ယခု ရီဖူရှင်း၏စကားများအရ သူ့လုပ်ဆောင်မှုက ကောင်းမွန်သည်ဆိုသော အဆင့်တွင်ပင် မရှိတော့ပေ။ ရီဖူရှင်း၏စကားနောက်ကွယ်မှ ရည်ရွယ်ချက်များက အဘယ်နည်း။
ကောင်းကင်တွင် ကြည့်နေသော ဟွာဖန်းလူ အနည်းငယ် ချောင်းဟန့်လိုက်သည်။
သိမ်းငှက်နက်ပေါ်တွင် ထိုင်နေသော ဟွာဂျီယူက မျက်တောင်များ ပုတ်ခတ်ပုတ်ခတ် လုပ်လျက် ကြည့်နေသည်။ ယူချင်းက မျက်လုံးများ ပြူးကျယ်လျက် ထိုင်နေသည်။ သူက ဘေချူအား သနားစဖွယ် လူငယ်အဖြစ် မြင်နေရသည်။
တခြားလူများကို အသာထား... ဘုရင်မင်းမြတ်ပင်လျှင် ရီဖူရှင်း၏အယူခံအတွက် မည်သို့ပြန်ပြောရမှန်း မသိပေ။ သူက ကိုယ်ဟန်ကို ချက်ချင်း ပြန်ပြင်လိုက်ပြီး ဖန်းဟွာစင်မြင့်ပေါ်မှ ချောမောသော လူငယ်လေးအား ကြည့်ကာ ပြောလိုက်သည်... "ဒါက အဆင်ပြေတယ်... ဒါဆိုလည်း မင်းရဲ့ ကျွမ်းကျင်တဲ့ ပညာနဲ့ တိုက်ခိုက်ခွင့်ပြုတယ်..."
"ကျေးဇူးကြီးမြတ် လှပါတယ်... အရှင်မင်းကြီး..." ရီဖူရှင်းက ဘုရင်မင်းမြတ်အား ဦးညွှတ်လိုက်ပြီး ဘေချူထံသို့ လှည့်ကာ ပြုံးလိုက်သည်။