အပိုင်း(၁၅၇၀)အရှင်ထိုက်ရွှမ်၏ မိတ်ဆွေဟောင်း
ရီဖူရှင်းက အဝေးသို့ လျှောက်သွားကာ ထိုနေရာမှ ထွက်ခွာသွားခဲ့၏။
သူ့အတွက် ကျွင်းမူက မတည်ရှိသကဲ့သို့ပင် ဖြစ်သည်။
ထိုက်ရွှမ်တောင်မှ လူအများ အားလုံးက ကျွင်းမူကို ကြည့်လိုက်ကြသည်။ ထိုက်ရွှမ်အကြီးအကဲ၏ ဤတပည့်သည် အလွန် အရည်အချင်းရှိပြီး အရှင်ထိုက်ရွှမ်၏ တိုက်ရိုက်တပည့် ဖြစ်လာရန်ပင် ကြိုးစားနေသူ ဖြစ်သည်။ သူသည် တောင်ပေါ်မှ လူငယ်များထဲတွင် အစွမ်းထက်ဆုံးဟု ဆုံးဖြတ်နိုင်ပေသည်။ သို့သော် ယခုတွင် လူတိုင်းက သူ့အတွက် ဝမ်းနည်းမှုကို ခပ်ရေးရေး ခံစားမိကြ၏။
သူက နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော်လည်း ယခု လျစ်လျူရှုခံခဲ့ရသည်။ သူက တိုက်ခိုက်ရန် တွေးခဲ့သော်လည်း ရီဖူရှင်းက လက်တစ်ချောင်း လှုပ်ရန်ပင် အလုပ်ရှုပ်မခံခဲ့ပေ။ သူက ရီဖူရှင်းအတွက် ထိုက်တန်သည့် ပြိုင်ဘက်ဟု မည်သည့်အခါကမှ ဆက်ဆံမခံခဲ့ရပေ။
ကျွင်းမူက သူ့ကို တိုက်ခိုက်ရန် တိုက်ကွက် ထုတ်ဖော်ခဲ့သော်လည်း သူ့ကို အနည်းငယ်မျှပင် လှုပ်ရှားသွားအောင် မလုပ်နိုင်ခဲ့ပေ။ ထိုအဓိပ္ပါယ်မှာ ရီဖူရှင်း၏ မဟာလမ်းစဥ် ခန္ဓာကိုယ်မှ ပြီးပြည်စုံနေခဲ့ပြီဟူ၍ ဖြစ်လေသည်။ သူက မဟာလမ်းစဥ်စွမ်းအားမှ အမှန်ပင် ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်သည်။
ထို့အပြင် သူက အလွန် အားကောင်းလှသည်။ ဝမ်ရှိုးရီနှင့် လီကျစ်ရင်တို့၏ သဘောထားကို ဆန်းစစ်ကြည့်လျှင် ကျော်ကြားမှုအရ ကျွင်းမူသည် လတ်တလောမှ ထိုက်ရွှမ်တောင်သို့ ရောက်လာသည့် ရီဖူရှင်းထက် နိမ့်ကျပေသည်။
လမ်းစဥ်ဖော်ဆောင်ခြင်း နယ်မြေ ခရီးစဥ်တွင် မည်သည်တို့ ဖြစ်ပျက်ခဲ့သနည်း။
ထိုအချိန်တွင် အဝေးမှ အသံတစ်ခု ထွက်ပေါ်လာသည်။ "ကျွင်းမူ"
ကျွင်းမူသည် အရှင်ထိုက်ရွှမ် ရှိရာ နန်းဆောင်သို့ မော့ကြည့်ကာ အရိုအသေပြုရင်း ပြောသည်။ "ဆရာ"
သူက ထိုအသံကို ကြားသည့်အခါ၌ သူ့ဆရာဖြစ်သော ထိုက်ရွှမ်အကြီးအကဲ၏ အသံဖြစ်ကြောင်း ပြောနိုင်ပေသည်။