အန်းဝမ်ရယ်က ဝမ်ဖေးအတွက် ငွေကြေးအမြောက်အမြား သုံးစွဲခဲ့တယ်ဆိုတဲ့သတင်းက တောမီးလိုပဲ ပျံ့နှံ့သွားပြီး နောက်ဆုံး တားမြစ်နန်းတော်အထိပါ ရောက်လာတယ်။
ဧကရာဇ်က ပုံမှန်အဝတ်အစားကို လဲဝတ်ထားပြီး ချွေ့ကုန်းခန်းမဆောင်မှာ ထိုင်နေတယ်။ သူ့ကြည့်ရတာ နည်းနည်း ငေးမှိုင်နေသလိုပဲ။
ဒါကို ဘေးမှာ ရပ်နေတဲ့ ကုန်းကုန်းက မြင်တော့
"အရှင်မင်းကြီး ပျင်းနေတယ်ဆို ကျွန်တော်မျိုး ရှန်းရှောင်နန်းဆောင်ကသူတွေကို ခေါ်ပြီး သီချင်းဆိုခိုင်းလိုက်ရမလား"
ဧကရာဇ်က လက်ကာပြပြီး ပုံစံပြောင်းထိုင်လိုက်တယ်။
"မလိုဘူး"
အဲဒီနောက် သက်ပြင်းချပြီး
"အချိန်တွေကုန်တာ မြန်လိုက်တာ။ ငါကိုယ်တော် မြို့တော်ကို ရောက်ခါစကဆို ကျင်းဝမ်က အသက် ဆယ့်လေးငါးနှစ်လောက်ပဲ ရှိသေးတယ်။ ရှဲ့ရွှမ်းချန်ကလည်း သူမတူအောင် ကြံ့ခိုင်သန်မာပေမဲ့ ဆယ်ကျော်သက်လေးပဲ ရှိသေးတယ်။ မျက်စိတစ်မှိတ်အတွင်းမှာတင် သူတို့တွေတောင် အိမ်ထောင်ကျသွားကြပြီ။ အရင်တုန်းကဆို ရှဲ့ရွှမ်းချန်က အားလုံးရဲ့ မြှောက်စားခြင်းကို ခံရတော့ ဘယ်သူ့ကိုမှ ဂရုမထားဘဲ မာနသိပ်ကြီးတယ်။ သားတစ်ယောက်အနေနဲ့တောင် ချစ်ခြင်းမေတ္တာကို ထုတ်မပြခဲ့ဖူးဘူး။ အခုကျ မိန်းကလေးတစ်ယောက်အတွက် သူ ဒီလောက်တောင် လုပ်ပေးလာမယ်လို့ ငါကိုယ်တော် မထင်ထားခဲ့ဘူး"
အဲဒီကျမှ ဧကရာဇ်က ချီယန်ဝမ်အကြောင်း တွေးနေတာမှန်း ကုန်းကုန်း သိတော့တယ်။ ဒါပေါ့ နန်းတော်ထဲမှာ အခုဆို အားလုံးက သူ့ကို အန်းဝမ်လို့ပဲ ခေါ်ရတယ်။
"အန်းဝမ်ဖေးနဲ့ ကျင်းဝမ်ဖေးက အသက်ကလည်း သိပ်မကွာ၊ တစ်မိသားစုတည်းကလည်း ဖြစ်ပြန်ဆိုတော့ ညီအစ်မတွေကြား ယှဉ်ကြလုကြတာက သဘာဝပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေး နီးကပ်ကြလို့သာ ဒီလိုလုပ်ကြတာပါ"
ကုန်းကုန်းချုပ်က ထိရှလွယ်တဲ့အကြောင်းအရာတွေအစား ဝမ်ဖေးနှစ်ပါးဆီ စကားလမ်းကြောင်းလွှဲလိုက်တယ်။ အမျိုးသမီးတွေ ဘယ်လိုပဲ ယှဉ်ပြိုင်တိုက်ခိုက်ကြပါစေ နောက်ဆုံးကျ အတွင်းရေးကိစ္စပဲ၊ စကားတစ်ခွန်းတည်းနဲ့တင် ဖြေရှင်းလို့ရတယ်။ တကယ်လို့ မင်းသားတွေပါ ပါလာရင် ကိစ္စက ပိုကြီးကုန်လိမ့်မယ်။