မုမင်ထန်တစ်ယောက် ကျန်းမင်ဝေ့ကို အပြတ်အသတ် အနိုင်ယူပြီးသွားတဲ့အခါ စိတ်ထဲ သက်သာရာရသွားတယ်။ နောက်နေ့ကျ သူမ လေသာပြတင်းပေါက်နား ထိုင်ရင်း စာရင်းစာအုပ်ကို ကြည့်နေတယ်။
ရာသီဥတုက တစ်နေ့ထက် တစ်နေ့ အေးလာနေတာမို့ ရတနာပုံဖော်ထားတဲ့ အပြာနုရောင် ပိုးထည်ဝတ်ရုံကို သူမ ဝတ်ဆင်ထားတယ်။ အဝါရောင် စကတ်ရှည်အပေါ်မှာ တောက်ပတဲ့ အပြာရောင် ကွမ်းရိုးစင်းဖျင်နဲ့ တွဲစပ်ထားတာကြောင့် အဝေးက ကြည့်ရင် ပန်းပွင့်ဖတ်လေးတွေလို ထင်မှတ်ရတယ်။
သူမ စားပွဲခုံရှေ့ ထိုင်ပြီး ဒီလအတွက် ငွေစာရင်းကို ကြည့်နေတယ်။
ပိုက်ဆံဆိုသည်မှာလည်း သုံးတုန်းကသာ သုံးကောင်းတာ၊ ဘယ်လောက်သုံးလိုက်လဲ ပြန်ကြည့်မိရင် ငိုချင်စိတ်ပါ ပေါက်သွားမယ်။ သူမ ဘယ်လောက်သုံးမိလောက်လဲ ပြန်ကြည့်ရင်း ဂဏန်းတွေများ မှားရေးမိသလားလို့တောင် စိတ်ထဲ တွေးမိလာတယ်။
မုမင်ထန် ရင်အောင့်နေတုန်းမှာပဲ ရှန့်နန်ချွမ်က ခပ်သုတ်သုတ် အခန်းထဲ ဝင်လာတယ်။
"ဝမ်ဖေး"
မုမင်ထန်က လက်ထဲက စုတ်တံကို ချလိုက်တယ်။
"ဘာကိစ္စရှိလို့လဲ"
ရှန့်နန်ချွမ်က နန်းတော်ထဲ ကြီးပြင်းလာတာမို့ အားလုံးထဲမှာ သူမက အပြုအမူအနေအထိုင် အသေဝပ်ဆုံးပဲ။ သူမ ရေးကြီးသုတ်ပျာ ဝင်လာပုံထောက်ရင် အရေးကြီးကိစ္စနဲ့ တူတယ်။
မုမင်ထန် စိတ်ထဲ ဘေးအိမ်က စုံတွဲက သူတို့ဆီ ထပ်ရောက်လာပြန်ပြီ ထင်လိုက်တာ။ ဒါပေမဲ့ ရှန့်နန်ချွမ်က ခပ်သုတ်သုတ်ပဲ သူမကို အရိုအသေပေးပြီး
"ဝမ်ဖေး၊ နန်းတော်ကလူတွေ ရောက်လာပါတယ်"
"နန်းတော်?"
"ဟုတ်ပါတယ်၊ ဆုလာဘ်တွေကို ချီးမြှင့်ပေးဖို့ နန်းတော်က ကုန်းကုန်းက ရောက်လာပါတယ်။ အခု ဒီကို ရောက်နေပါပြီ"
မုမင်ထန် ဘာမှတောင် ဆက်မပြောတော့ဘဲ အမြန် ဝမ်ဖေးဝတ်ရုံကို ကောက်လဲကာ တော်ဝင်အမိန့်ကို လက်ခံဖို့ လုပ်ရတယ်။ အရှေ့ခန်းမဆောင်ကို သူမ ရောက်တဲ့အခါ ကုန်းကုန်းက ရေနွေးတစ်ခွက်တောင် သောက်ပြီးသွားပြီ။ ကုန်းကုန်းက သူမကို မြင်တော့ မတ်တတ်ရပ် အရိုအသေပေးပြီး