အပေးအယူညှိတဲ့နေရာမှာ အရေးအကြီးဆုံးအရာက ကိုယ့်စိတ်ခံစားချက်အမှန်ကို မပြမိဖို့ပဲ ဖြစ်တယ်။ ရှဲ့ရွှမ်းချန် သူဖြစ်နေတဲ့အခြေအနေကို မျိုချလိုက်ပြီး အေးစက်စက်နဲ့ ခံစားချက်မရှိတဲ့သူလို တော်ဝင်သမားတော်ကျန်းကို ရင်ဆိုင်နေတယ်။
ရှဲ့ရွှမ်းချန်ရဲ့စကားကြောင့် တော်ဝင်သမားတော်ကျန်းလည်း အံ့အားသင့်ထိတ်လန့်သွားရပြီး တခြားဘာကိုမှ ဂရုစိုက်ဖို့ အချိန်မရှိတော့ဘူး။ စိတ်ထဲ ဘယ်လိုဆုံးဖြတ်ရမှန်း မသိတော့သလို သူ့မျက်နှာကလည်း အချိန်နဲ့အမျှ ပြောင်းလဲနေတယ်။ အချိန်အတော်ကြာပြီးတဲ့နောက် တော်ဝင်သမားတော်ကျန်းက သက်ပြင်းချလိုက်ပြီး
"ဝမ်ရယ်ပြောတာ မှန်ပါတယ်။ ကျွန်တော်မျိုး ခေါင်းရှောင်ပြီးပဲ မနေသင့်ပါဘူး"
သူ ပြောပြီးတဲ့နောက် အရှေ့ကလူနှစ်ယောက်က တစ်မျိုးဖြစ်နေတာကို သတိထားလိုက်မိတယ်။ ဘယ်တုန်းက အတူဖြစ်သွားတာလဲ? တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတဲ့ လက်နှစ်စုံကို မမြင်သလို ဟန်ဆောင်ရင်း
"အစောနက ဝမ်ဖေးရဲ့ ကမ်းလှမ်းချက်က ....."
မုမင်ထန် မယုံနိုင်လောက်အောင် အံ့ဩနေမိတယ်။ သူမရဲ့ ကြိုးစားမှု၊ သူမ စကား၊ သူမရဲ့ လက်ဆောင်တွေ .... နောက်ဆုံးကျ ဒါတွေအားလုံးက ရှဲ့ရွှမ်းချန်ရဲ့စကားတစ်ခွန်းကို မယှဥ်နိုင်ဘူးတဲ့လား? သူမ အံ့အားသင့်စွာနဲ့ ရှဲ့ရွှမ်းချန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးတဲ့နောက် အမြန်ပဲ ပြန်ဖြေလာတယ်။
"ကတိက ကတိပါပဲ။ ရှင်သာ ဝမ်ရယ့်ရောဂါကို ကြည့်ပေးဖို့ သဘောတူသ၍ ကျွန်မဘက်ကလည်း ကျွန်မကတိကို တည်မှာပေါ့၊ ရှင့်ကို ဝမ်ရယ့်ကို လုံးလုံးလျားလျား ကုသပေးဖို့ ဖိအားမပေးပါဘူး" အဲဒီ့နောက် သူမ ခဏ ရပ်လိုက်ပြီး "ဒါပေါ့ တကယ်လို့ ပျောက်သွားအောင် ကုသပေးနိုင်တယ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့"
တော်ဝင်သမားတော်ကျန်းရဲ့မျက်နှာက မှောင်မဲသွားတယ်။ ကျီးကန်းမှန်ရင် အနက်ရောင်ရှိပြီး ဝံပုလွေတိုင်းက အသားစားကြတယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲ။ သူတို့ ဘယ်လောက်ပဲ ကတိတွေ ပေးပါစေ နောက်ဆုံးတော့ မရရတဲ့နည်းနဲ့ တောင်းဆိုနေကြတုန်းပဲ။
