နောက်ပြီး မုမင်ထန် ပို့လိုက်တာက အကုန် အစိမ်းရောင်တွေချည်းပဲ! အပြာနုတို့ အစိမ်းနုတို့ကို ကျန်းမင်ဝေ့ ဝတ်ရတာ ကြိုက်တော့ကြိုက်ပါတယ်။ ဒါပေမဲ့ စိမ်းတောက်နေတဲ့ ပိုးထည်တွေကို ကြည့်ပြီး မုမင်ထန်က တခြားတစ်ခုခုကို ပြောချင်နေတာများလားတောင် သူမ တွေးမိတယ်။
ဒါပေမဲ့ အားလုံးရဲ့ အကြည့်က သူမဆီကိုပဲ ရောက်နေတယ်။ မုမင်ထန်က 'ကိုယ့်ထက်အကြီးတွေဆီက လက်ဆောင်ကို မငြင်းရဘူး' လို့ မပြောရုံတမယ်ပဲ၊ တော်တော် အရှက်မရှိဘူး။ ဒီလိုနဲ့ ကျန်းမင်ဝေ့ခမျာ မတိုးသာမလွန့်သာနဲ့ အောင့်သက်သက် လက်ခံလိုက်ရတော့တယ်။
"ဒါဆိုလည်း ယောင်းမကြီးကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီရွှေရောင်စုန့်ပိုးထည်က တန်ဖိုးကြီးတဲ့ဟာပဲ။ ဘာမှပြန်မပေးဘဲ ဒီလိုမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ ပစ္စည်းကို တို့ ဘယ်လိုလုပ် လက်ခံရပါ့မလဲ"
အစေခံမလေးက ပြုံးလိုက်ပြီး မုမင်ထန် ပြောတဲ့အတိုင်း ပြန်ပြောလာတယ်။
"ဝမ်ဖေးက ပြောလိုက်ပါတယ်။ ကျင်းဝမ်ဖေးအနေနဲ့ လက်ဆောင်ကို လက်ခံပေးတာနဲ့တင် ရပါပြီတဲ့၊ ဘာပစ္စည်းမှ ပြန်ပေးစရာ မလိုပါဘူး။ ကျင်းဝမ်ဖေးက ပန်းချီတွေ၊ လက်ရေးလှစာတွေ၊ ကုချင်းနဲ့ ကျားထိုးတာတွေ ကြိုက်တတ်တာဆိုတော့ လက်ဆောင်ပေးလိုက်ရင်တောင် ဝမ်ဖေးအတွက် အများကြီး အသုံးမဝင်လောက်ပါဘူး။ ဒီတော့ ကျင်းဝမ်ဖေးအနေနဲ့ ဘာမှပြန်ပေးစရာ မလိုပါဘူးတဲ့"
ကျန်းမင်ဝေ့ သွေးတစ်ပွက်လောက် အန်ချင်သွားတယ်။ မုမင်ထန်က တော်တော် အရှက်မရှိတာပဲ၊ ဘာပစ္စည်း ပြန်လိုချင်လဲဆိုတာကိုတောင် ရွေးနေသေးတယ်။
သူမ ဘာလို့ အဲ့လောက်တောင် အရှက်တရားမရှိရတာလဲ?
ဒါပေမဲ့ နောက်ဆုံးကျ မျက်နှာပြောင်မတိုက်တတ်တဲ့သူက မျက်နှာအရည်ထူတဲ့သူနဲ့ ဘယ်လိုလုပ် ပြိုင်ငြင်းနိုင်မှာလဲ။ ကျန်းမင်ဝေ့လည်း လူအများရှေ့ အရှက်မကွဲချင်တာကြောင့် အံကြိတ်ရင်း
"အဲ့လိုလုပ်လို့ ဘယ်ဖြစ်ပါ့မလား။ တို့ဘက်ကလည်း တစ်ခုခု ပြန်ပေးသင့်တာပေါ့။ တို့ဆီမှာ မနေ့ကမှ ရောက်လာတဲ့ ကျောက်စိမ်းဖြူနဲ့ လုပ်ထားတဲ့ ဆံထိုးအစုံလိုက် ရှိတယ်။ တစ်ခါမှတောင် မဝတ်ကြည့်ရသေးတဲ့ အသစ်တွေမို့ တကယ်လို့ ယောင်းမကြီးသာ စိတ်မရှိဘူးဆိုရင် လက်ဆောင်အနေနဲ့ ပြန်ပေးလိုက်ချင်ပါတယ်။ သာမန်လက်ဆောင်လေးပဲမို့ ယောင်းမကြီး မငြင်းဖို့ မျှ်ောလင့်ပါတယ်"