မုမင်ထန်ရဲ့ ဖခင်က စီးပွားရေးသမားမို့ စာရင်းဇယားတွေ နိုင်နင်းဖို့က ဘယ်လောက် အရေးပါလဲ သူမကို အမြဲ ဆုံးမခဲ့တယ်။ နောက်ပြီး ခြူးတစ်ပြားချင်းစီတိုင်းက ရှာရ ဘယ်လောက်ခက်လဲဆိုတာအပြင် ရလာတဲ့ ဒီပိုက်ဆံတွေကို ရေရှည်အတွက် စီမံခန့်ခွဲတတ်ဖို့က ပိုတောင် ခက်တယ်လို့ ပြောပြခဲ့တယ်။ ဒါကြောင့်မို့ အိမ်တော်ရဲ့စာရင်းစာအုပ်ကိုသာ ကောင်းကောင်း မစီမံနိုင်ဘူးဆို ငွေကြေးဥစ္စာဆိုတာ အချိန်ခဏအတွင်းမှာတွင် ကုန်ဆုံးသွားလိမ့်မယ်။
ရှဲ့ရွှမ်းချန်ရဲ့ နေပုံထိုင်ပုံကို ကြည့်တာနဲ့တင် ပိုက်ဆံကို ရေလိုသုံးတဲ့သူမှန်း သိသာတယ်။
သူပိုင်တဲ့ ပစ္စည်းတွေကိုလည်း အစေခံတွေက တိတ်တိတ်လေး လဲထားရင် လဲထား၊ မဟုတ်လည်း ခိုးခံထားရလောက်ပြီဆိုတာကို သူမ အတပ်ပြောရဲတယ်။ ဒီနှစ်တွေထဲ အိမ်တော်ကို စီမံပေးမယ့်သူလည်း မရှိခဲ့သလို ရှဲ့ရွှမ်းချန်ကလည်း ဂရုမစိုက်အားဘူး။ ဖြစ်ပြီးခဲ့တာတွေကို ပြန်ပြင်လို့ မရတော့ဘူးဆိုတော့ကာ အခုချိန်ကစပြီး သူမကိုယ်တိုင်ကိုယ်ကျပဲ ဝင်စီမံရတော့မယ်။
အိမ်တော်တစ်ခုလုံးမှာ အသုံးစရိတ်တွေ စီစစ်ဖို့ လိုအပ်နေတယ်။ စတိုခန်းတင်မကဘူး တခြားနေရာတွေမှာကောပဲ။ ဥပမာအနေနဲ့ အခန်းပိုတွေမှာ ထားထားတဲ့ အိပ်ရာခန်းလိုက်ကာတွေကို ရာသီအလိုက် အသစ်လဲပေးရတယ်။ မသုံးရသေးတဲ့ အသစ်တွေဆိုတော့ တစ်ပတ်ရစ်အနေနဲ့ ပြန်ရောင်းစားလို့ရတယ်။
ဒါက ရိုးရှင်းတဲ့ အရှုံးကို လျှော့ချခြင်း သဘောတရားပဲ။ ဒီအတွက် တာဝန်ယူရတဲ့အစေခံတွေကတော့ တစ်ပတ်ရစ်ပစ္စည်းတွေ ရောင်းစားရင်း အတော်လေး စုမိဆောင်းမိ ရှိနေလောက်ပြီ။
ဒါပေမဲ့ လောလောဆယ်တော့ အဲ့လိုကိစ္စ သေးသေးမွှားမွှားလေးတွေကို သူမ လိုက်မစစ်အားသေးဘူး။ အခု အရေးအကြီးအရာက ငွေတိုက်စာရင်း လုပ်ဖို့ပဲ။ ရွှေတွေ ငွေတွေ အကုန်လုံးကို အရေအတွက်၊ အရွယ်အစား၊ အလေးချိန်၊ ပုံသဏ္ဌာန်၊ ဘယ်သူ့ဆီက လာလဲ၊ ဘယ်နေရာကလဲ အပြင် ဘယ်သူက လာပို့ခဲ့တာလဲအစ အသေးစိတ် စာအုပ်ထဲ မှတ်တမ်းတင်ထားဖို့ လိုတယ်။