တော်ဝင်သမားတော်ကျန်းက သူ့ဘဝတစ်လျှောက်လုံး သတိနဲ့ နေလာခဲ့တာဖြစ်တယ်။ တော်ဝင်သမားနန်းဆောင်မှာ သမားတော်ဖြစ်လာတာ အနှစ် ၄၀ ရှိပြီဖြစ်ပြီး ဘာအမှားမှ မလုပ်ခဲ့ဖူးဘူး၊ သူ လုပ်ရမှာဆိုလို့ သတိကြီးကြီးနဲ့ ဂရုစိုက်ပြီး နေတတ်ဖို့ပဲ။ တော်ဝင်သမားတော်ကျန်းက သူ့အလုပ်ကိစ္စပေါ်ကိုပဲ အာရုံစိုက်ထားပြီး ရှုပ်ထွေးပွေလီတဲ့ အန္တရာယ်များတဲ့ အလုပ်တွေကိုဆို လက်ရှောင်လေ့ရှိတယ်။
သူမရဲ့ ကမ်းလှမ်းချက်ကို သူ့ဘက်က ငြင်းလိုက်တာကြောင့် မုမင်ထန် ပိုပြီး စိုးရိမ်လာတယ်။ သူမ ဘယ်လောက်ကြာကြာ ခိုးထွက်လာလို့ ဖြစ်ပါ့မလဲလည်း မသိတာကြောင့် ခဏလေးတောင် အချိန်ဖြုန်းနေလို့ မရဘူး။ စိတ်လောနေတာကြောင့် သူမ ဒဲ့ပဲ ရွှေချောင်းတစ်ချောင်းကို ထုတ်ပြီး သူ့စားပွဲပေါ် တင်လိုက်တယ်။
"သမားတော်တိုင်းက ကြင်နာတတ်တဲ့သူတွေလို့ ကျွန်မတော့ ယုံကြည်တယ်။ တော်ဝင်သမားတော်ကျန်း၊ သမားတော်တစ်ယောက်ဖြစ်တဲ့ ရှင်က လူပေါင်းများစွာရဲ့အသက်ကို ကယ်ခဲ့တဲ့သူပါ။ လူ့အသက်တစ်ချောင်းကို ကယ်တာက ဘုံခုနှစ်ဆင့် ဘုရားကျောင်းတည်တာထက်တောင် ကုသိုလ်ပိုတယ်လို့ ရှေးစကားလည်း ရှိပါတယ်။ သမားတော်ကျန်းအနေနဲ့ ဘယ်ကိစ္စထဲကိုမှ အဆွဲထည့်ခံရမှာမဟုတ်သလို ဝမ်ရယ်ရောဂါကို ကုပေးဖို့လည်း ကျွန်မ ဖိအားမပေးပါဘူး။ သမားတော်ကျန်းအနေနဲ့ လုပ်ရမှာဆိုလို့ ဝမ်ရယ်ရဲ့ တကယ့်ကျန်းမာရေးအခြေအနေကို ကျွန်မကို ပြောပြပြီး သူ့ကို ဘယ်လိုပြုစုသင့်လဲ လမ်းညွှန်ပေးဖို့ပါပဲ"
တော်ဝင်သမားတော်ကျန်းက ရွှေချောင်းကို မြင်တဲ့အခါ နည်းနည်း စိတ်ယိုင်သွားပေမဲ့ အဆုံးသတ်ကျ ငြင်းနေတုန်းပဲ။
"ကျွန်တော်မျိုးက ဝမ်ရယ့်ကို ကုပေးနိုင်လောက်တဲ့အထိ အရည်အချင်းကော အသိပညာကော မပြည့်ဝသေးပါဘူး။ ဝမ်ဖေး၊ ကျေးဇူးပြုပြီး တခြားတစ်ယောက်ကို အကူအညီပေးခိုင်းဖို့ တောင်းဆိုပါရစေ"
မုမင်ထန်ကတော့ သမားတော်ရဲ့ အကူအညီကို ရဖို့ စိတ်ပိုင်းဖြတ်ထားပြီးပြီ။ တော်ဝင်သမားတော်ကျန်းက နှုတ်ဆိတ်နေတာကို တွေ့တဲ့အခါ သူမ အရှက်မဲ့စွာနဲ့ စားပွဲပေါ် ရွှေတွေ ထပ်တိုးပြီး တင်လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းမိသားစုက သူမကို အိမ်တော်ပါ လက်ဖွဲ့ အမြောက်အမြား ပေးထားတာဆိုတော့ ဒီလောက် ရွှေတွေနဲ့သာဆို သမားတော်ကျန်း သေချာပေါက် စိတ်ပြောင်းသွားမှာပဲ။