အိမ်တော်နှစ်ခုက ဘေးချင်းကပ်တင် ဆိုပေမဲ့ ကျင်းအိမ်တော်မှာက ဗဟိုလမ်းမကြီးကနေ ဘယ်ညာခွဲထွက်သွားတဲ့ တည်ဆောက်ပုံမျိုး မရှိချေ။ ပင်မအိမ်တော်ကလည်း ရှဲ့ရွှမ်းချန်တို့လို မခမ်းနားချေ။ မင်္ဂလာခန်းမ၊ နာရေးခန်းမနဲ့၊ တော်ဝင်အမိန့်ဆောင် ခန်းမဆောင်တို့လောက်ပဲ အိမ်တော်ထဲ သားသားနားနား ရှိတယ်။ ကျန်တဲ့အဆောက်အအုံတွေက မရှိ ရှိတဲ့နေရာမှာ ကတ်သတ်ပြီး ဆောက်ရတာမို့ အရွယ်အစားက သေးရင်သေး မသေးရင် ပုံပန်းမကျနဲ့ ဖြစ်နေတယ်။
ဝမ်ရယ်နဲ့ ဝမ်ဖေးနဲ့ နေထိုင်တဲ့ ပင်မခန်းမဆောင်ကလည်း အဲ့အတိုင်းပဲ ဖြစ်တယ်။ ပန်းဥယျာဉ်ဆိုတာကလည်း ဘာမှတအံ့တဩဖြစ်စရာ မရှိဘူး။ ဥယျာဉ်လို့သာ ပြောရတာ တကယ်တမ်းကျ လမ်းတစ်ပတ် လျှောက်စာလောက်ပဲရှိတဲ့ ခြံဝင်းငယ်လေးသာသာလောက်ပဲ။
ကျန်းမင်ဝေ့ လှမ်းကြည့်လိုက်တာနဲ့ ဟိုဘက်ခြံက သစ်ပင်ပန်းမန်တွေကို သူမ လှမ်းမြင်နေရတယ်။ ဥယျာဉ်ထဲ စီးဆင်းနေတဲ့ ရေသံကိုလည်း လှမ်းကြားရတယ်။ ကျန်းမင်ဝေ့ စိတ်ထဲကနေ မကျေမနပ်နဲ့ အံကြိတ်နေမိတော့တယ်။ ပွဲအခမ်းအနားကို အကောင်းဆုံးဖြစ်အောင် သူမ ပြင်ဆင်ထားပေမဲ့၊ ရွှံ့မပါဘဲ အုတ်ဖုတ်လို့ မရဘူးလို့ ဆိုကြသလို ပိုက်ဆံဘယ်လောက်အကုန်ခံပြီး ပြင်ဆင်ထားပါစေ နေရာက နှာခေါင်းပေါက်လောက်ပဲ ရှိတယ်။
ဧည့်သည်တွေ ရောက်လာကြတဲ့အခါ ကျန်းမင်ဝေ့ရဲ့ အထက်တန်းကျတဲ့ အမြင်နဲ့ အားထုတ်မှုကို တအံ့တဩ ချီးမွမ်းကြတယ်။ ဧည့်သည်တွေ သိပ်မများခင်ကတော့ သိပ်မသိသာပေမဲ့ နောက်ကျ သခင်မတွေနဲ့ သူတို့ရဲ့အစေခံမလေးတွေပါ တဖွဲဖွဲရောက်လာကြတဲ့အခါ လမ်းတောင် ကောင်းကောင်း လျှောက်မရတော့ဘူး။ အထက်တန်းကျကျ ပြင်ဆင်ထားတဲ့ အဆင်တန်ဆာတွေကလည်း ခမ်းနားရမယ့်အစား မျက်စိရှုပ်စရာလို ဖြစ်လာတယ်။
ဒါပေမဲ့ ဘယ်သူမှ ကျင်းဝမ်ဖေးကို မရိုမသေမပြုရဲတာကြောင့် နှုတ်ဆိတ်ပြီးသာ သူမကို ချီးကျူးနေကြရတယ်။ စားသောက်ပွဲရဲ့ အရှိန်အမြင့်ဆုံး အချိန်မှာ ရုတ်တရက် အစေခံတစ်စုက တံခါးမကြီးကနေ ဝင်လာတယ်။ သူတို့ လမ်းလျှောက်လာတဲ့ ပုံစံကို ကြည့်တာနဲ့တင် နန်းတော်ကမှန်း သိနိုင်တယ်။