"တကယ် ဘာမှမဟုတ်ပါဘူးဆို" မုမင်ထန်က ပြုံးလိုက်ပြီး သူ့ကို အိပ်ရာထဖို့ ကူပေးနေတယ်။ "ဒီအတိုင်း အရှင့်သားကို နှိုးဖို့ ရောက်လာတာရယ်။ အရှင့်သား အိပ်ချင်တိုင်း အိပ်နေလို့ မဖြစ်ဘူး။ ကျွန်မ အရှင့်သားကို ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံမျိုး မွေးမြူစေချင်လို့ရယ်။ အခု အိပ်ရာကနေ ထရမယ့် အချိန်ပဲ"
ရှဲ့ရွှမ်းချန် အပြင်ကို သေချာ လှမ်းကြည့်လိုက်တယ်၊ အဲဒီနောက် သူ့ရှေ့ထိုင်နေတဲ့ မုမင်ထန်ကို လှမ်းကြည့်လိုက်ပြီး တကယ် ဘာမှမဖြစ်ဘူးဆိုတာ စိတ်ချသွားတယ်။ မုမင်ထန်က သူ့ကို သက်သက် လာနှိုးတာပဲ။ ရှဲ့ရွှမ်းချန် နားထင်ကြောတွေ ထောင်လာပြီး မျက်ခုံးနှစ်ဖက်ခြား လက်နဲ့ ထောက်ထားရတော့တယ်။
"မြန်မြန် ထတော့၊ အိပ်မနေနဲ့တော့ရယ်"
မုမင်ထန်က မသိချင်ယောင်ဆောင်ပြီး သူ့ကို အတင်း ထခိုင်းနေတယ်။ ရှဲ့ရွှမ်းချန်လည်း မတတ်နိုင်တဲ့အဆုံး အိပ်ရာ ထ ရတော့တယ်။ အဲဒီအချိန် အပြင်မှာ အစေခံတွေ အားလုံးက စောင့်နေကြတာ ဖြစ်တယ်။ ရှဲ့ရွှမ်းချန် နိုးလာတာနဲ့ အခန်းထဲ မုမင်ထန်ကလွဲရင် ဘယ်သူမှ မနေခဲ့ရဲကြဘူး။
မုမင်ထန် အစေခံတွေကို သူ့အတွက် မျက်နှာသစ်ပြုစရာတွေ ယူပြီး ဝင်လာခိုင်းလိုက်တယ်။ ရှဲ့ရွှမ်းချန် မျက်နှာသစ်ပြီးတာနဲ့ အစေခံတွေလည်း အမြန်ပဲ သုတ်ခြေတင် ပြန်ထွက်သွားကြတော့တယ်။ မုမင်ထန် သူ့ကို လိုက်ကာပန်းချီနောက် ခေါ်လာပြီး အဝတ်အစားသေတ္တာကို ကြည့်ကာ
"ဒီနေ့ ဘာအရောင် ဝတ်ချင်လဲ"
မုမင်ထန် လက်လွှတ်လိုက်တာနဲ့ ရှဲ့ရွှမ်းချန်က ခွေးခြေခုံတစ်လုံးမှာ ကောက်ထိုင်လိုက်ပြီး ပျင်းပျင်းရိရိနဲ့ သမ်းနေတယ်။
"ဘာပဲဖြစ်ဖြစ်"
"ဒါဆို ကျွန်မ ကြိုက်တဲ့ဟာ ရွေးမှာနော်"
"အွန်း"
နှစ်ယောက်သား အတော်ကြာအောင် စိုက်ကြည့်နေမိကြတယ်။ နောက်ဆုံးကျ မုမင်ထန်က မယုံနိုင်တဲ့ပုံနဲ့ သူမကိုယ်သူမ လက်ညှိုးထိုးပြလာတယ်။ ရှဲ့ရွှမ်းချန်က တိတ်တိတ်ဆိတ်ဆိတ်ပဲ ခေါင်းညိတ်ပြလိုက်တယ်။
