"ကိုယ့်ရဲ့ရတနာတွေအပြင် အုပ်ချုပ်သူအနေနဲ့ နှစ်စဥ်ရတဲ့ ပဏ္ဏာတော်တွေလည်း ရှိသေးတယ်။ တကယ်လို့ မင်းသာ မသုံးဘူးဆိုရင် ပိုက်ဆံတွေ အားလုံးက အလကား ဖြစ်သွားမှာပဲ"
မုမင်ထန် တွန့်ဆုတ်နေတုန်းပဲ။
"တကယ်လား?"
ရှဲ့ရွှမ်းချန်က ပြန်မဖြေလာဘူး။ အဲ့အစား အသံမြှင့်လိုက်ပြီး တစ်ခါတည်း
"ရှန့်နန်ချွမ်"
ရှန့်နန်ချွမ်က တံခါးအပြင်မှာ စောင့်နေရတာ ဖြစ်တယ်။ သူ့ဆီက ခေါ်သံကြားတဲ့အခါ ဒူးထောက်ပြီး
"ဒီအစေခံ ရှိပါတယ်"
"နေ့လယ်ကျ ချောင်မန်လမ်းက အဝတ်အစားဆိုင်တွေကို အိမ်တော်ကို လာခိုင်းပြီး ဝမ်ဖေးအတွက် အင်္ကျီအဝတ်အစား ပြင်ပေးလိုက်"
"မှန်လှပါ"
မုမင်ထန်က တစ်ခုခု ပြောမလို့ လုပ်လိုက်ပေမဲ့ မပြောတော့ဘဲ ရှဲ့ရွှမ်းချန်ရဲ့စေတနာကို ကျေးဇူးတင်စွာနဲ့ လက်ခံလိုက်တယ်။
"ကျေးဇူးတင်ပါတယ် အရှင့်သား"
"ကိုယ်တို့က ဇနီးမောင်နှံတွေလေ၊ တစ်လှေတည်းတစ်သားတည်းပဲ။ ဒါက အစကတည်းက မင်းပိုင်တဲ့ဟာတွေပဲ၊ မင်း ကိုယ့်ကို ကျေးဇူးတင်စရာ မလိုပါဘူး" ရှဲ့ရွှမ်းချန်က မှန်ထဲကနေ သူမကို လှမ်းကြည့်လိုက်ပြီး "နောက်တစ်ခါကျ မသုံးချင်ဘူးပြောလာရင် ကိုယ့်ကို လွန်ဆန်ချင်နေတယ်လို့ပဲ သဘောထားပစ်လိုက်မယ်"
မုမင်ထန် ခေါင်းငုံ့ပြီး ရှက်ပြုံးလေး ပြုံးနေမိတယ်။ ရှဲ့ရွှမ်းချန်ရဲ့ဆံပင်ကို ရှင်းလင်းသွားအောင် ဖြီးပေးပြီးတဲ့နောက် ကျွမ်းကျွမ်းကျင်ကျင်ပဲ ဆံပင်ကို စုထုံးပေးကာ ဆံညှပ်အဆင်တန်ဆာကို တပ်ပေးလိုက်တယ်။ အဲ့ဒီနောက် သူနဲ့အတူ မနက်စာ စားရအောင် ထမင်းစားခန်းဆီ လျှောက်လာတယ်။
အရင်တုန်းကတော့ ရှဲ့ရွှမ်းချန်က နိုးချင်တဲ့အချိန် နိုးတာမို့ သူမ တစ်ယောက်တည်းပဲ မနက်စာ စားခဲ့ရတာက များတယ်။ အခုလို နှစ်ယောက်အတူ စားဖြစ်တာက ရှားရှားပါးပါးပဲ။ နှစ်ယောက်သား အတူလျှောက်လာကြရင်း ရှဲ့ရွှမ်းချန်က တစ်ခုခုကို သတိရသွားဟန်နဲ့ ပြောလာတယ်။
