ညဘက်ရောက်နေတာတောင် ယွီလင်ခန်းမဆောင်မှာ အစောင့်တွေက ရှိနေဆဲပဲ။ ရှဲ့ရွှမ်းချန် သူမကို ခေါ်ပြီး ကင်းလှည့်နေတဲ့ အစောင့်တွေကို ရှောင်တိမ်းရင်း သူ ဖွင့်ထားခဲ့တဲ့ ပြတင်းပေါက်ဆီ လျှောက်လာတယ်။ အဲ့ဒီ့နောက် ပြတင်းပေါက်ကို အသာလေး တွန်းဖွင့်လိုက်တယ်။
ရှဲ့ရွှမ်းချန်က နောက်လှည့်ပြီး
"မင်း အရင်ဝင်"
မုမင်ထန် သူမဝတ်ရုံကို ကျစ်ကျစ်ကိုင်ထားတယ်။ သူမ ရှည်ရှည်ဝေးဝေး တွေးချိန်မရတာမို့ ချက်ချင်းပဲ ပြတင်းပေါက်ထဲ ခုန်ဝင်လိုက်တယ်။ နောက်က ဘယ်သူမှ မလိုက်လာတာ သေချာပြီဆိုမှ ရှဲ့ရွှမ်းချန်လည်း ပြတင်းပေါက်ကနေ ဝင်လာတယ်။ အဲဒီနောက် ပြတင်းပေါက်ကို ပြန်လှည့်ပိတ်နေတယ်။ ဒီတစ်ခါတော့ သူ မင်တုံးပါ ချခဲ့တယ်။
အခန်းအလယ်မှာ မုမင်ထန် ရပ်နေတယ်၊ အစေခံတွေ သိသွားမှာ စိုးတာကြောင့် မီးလည်း မထွန်းရဲချေ။ ပြတင်းပေါက်ကလာတဲ့ အလင်းရောင်မှုန်ပျပျနဲ့သာ ဝတ်ရုံကို ပြန်ချွတ်ဖို့ လုပ်ရတော့တယ်။
ဒီည လ မထွက်တာ တကယ် နာတာပဲ။ ကြယ်တွေတော့ ရှိပေမဲ့ အခန်းထဲထိ အလင်းရောင် မပေးနိုင်ချေ။ မုမင်ထန် စမ်းတဝါးဝါးနဲ့ သူမလည်ပင်းမှာ စည်းထားတဲ့ ဝတ်ရုံကို ပြန်ချွတ်နေတယ်။
ရှဲ့ရွှမ်းချန်ကတော့ အခန်းထဲက အမှောင်နဲ့ အမြန်ပဲ နေသားကျသွားတယ်။ ပြတင်းပေါက်ပိတ်ပြီး ပြန်လှည့်လာတော့ မုမင်ထန်တစ်ယောက် လည်စည်းနဲ့ ပြဿနာတက်နေတာကို တွေ့လိုက်ရတယ်။ သူ သက်ပြင်းချလိုက်ပြီး
"ဘာဖြစ်လို့လဲ"
"အသေချည်မိလိုက်တယ်နဲ့တူတယ်၊ ကျွန်မ ပြန်ဖြည်လို့ မရတော့ဘူး"
"တအားမဆွဲလိုက်နဲ့၊ အရင်လွှတ်လိုက်။ ကိုယ် ကြည့်ပေးမယ်"
ရှဲ့ရွှမ်းချန် အနားတိုးလာပြီး သွယ်လျတဲ့သူ့လက်ချောင်းတွေက သူမ ချည်ထားတဲ့ ကြိုးထုံးကို စမ်းနေတယ်။ မုမင်ထန် ဘာမှလုပ်စရာမရှိတာမို့ ဘေးက ပရိဘောဂတွေကိုပဲ ကြည့်နေမိတယ်။
ခဏကြာတဲ့နောက် သူမ သက်ပြင်းချလိုက်ပြီး
"မိန်းမငယ်လေးတွေက ဘာလို့ သူတို့ခင်ပွန်းနောက်ကွယ်မှာ ဖောက်ပြန်ရတာကို ကြိုက်ကြတာလဲ မအံ့ဩတော့ပါဘူး၊ တကယ် စိတ်လှုပ်ရှားဖို့ကောင်းတာပဲ"