Chapter 130

253 36 0
                                    

"အမှန်ပါပဲ" မုမင်ထန်က အိပ်ရာနား လျှောက်လာပြီး ခြေရင်းဘက်မှာ ထိုင်လိုက်တယ်။ အဲဒီ့နောက် ခေါင်းမော့ပြီး ရှဲ့ရွှမ်းချန်ကို သေချာစိုက်ကြည့်ကာ "အရှင့်သား ဘယ်လိုခံစားရလဲ ကျွန်မ မသိနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်မတစ်ယောက်တည်းအတွက်ပဲဖြစ်ဖြစ် အရှင့်သား ကြိုးစားပေးကြည့်လို့ မရဘူးလား။ အရှင့်သားက ဘာကိုမှ ဂရုမစိုက်တော့ဘဲ အသက်ဆက်ရှင်ဖို့တောင် စိတ်ဓာတ်ကျနေခဲ့ပြီးသားဆိုပေမဲ့ တစ်ခါလောက်တော့ ကြိုးစားကြည့်စေချင်သေးတယ်။ ကျေးဇူးပြုပြီး ကျွန်မအတွက် စိတ်ဓာတ်ကြံ့ကြံ့ခံပြီး အသက်ရှင်ပေးသွားလို့ ရမလားဟင်"

ရှဲ့ရွှမ်းချန်က မျက်စိမှိတ်ပြီး ကုတင်ဘောင်ကို မှီထားတယ်။ သူ့ဘက်က ဘာမှမတုံ့ပြန်လာတာ မြင်တော့ မုမင်ထန် နေရာပြောင်းလိုက်တယ်။ သူမ ကုတင်ဘေး မေးထောက်ရင်း

"အရှင့်သားကတော့ ကျွန်မကို ရဲတင်းလွန်းတယ်လို့ ထင်နေမလား မပြောတတ်ဘူး။ အရှင့်သား ကျွန်မကို သိတာလည်း ရက်ပိုင်းပဲ ရှိသေးတယ်လေ။ ကျန်းမင်ဝေ့နဲ့ ယှဉ်ကြည့်လိုက်ရင် ကျွန်မက ဘယ်နေရာမှ မ သာ ဘူး။ သူမကို ယှဉ်နိုင်တာဆိုလို့ ကျွန်မက ကံကောင်းပြီး နောက်ဆုံးမှာ အရှင့်သားနဲ့ မင်္ဂလာဆောင်ခဲ့ရတာပဲ ရှိတာ"

"ဒါပေမဲ့ ကျွန်မရဲ့ ကိုယ်ပိုင်အတ္တကြောင့် သူမကို လုံးဝ အရှုံးမပေးလိုက်ချင်ဘူး။ ကျွန်မက မွေးကတည်းက ဘယ်နေရာမှာမှ ကျန်းမင်ဝေ့ကို မယှဉ်နိုင်ဘူး။ မိသားစုမျိုးရိုး၊ အသိပညာ၊ ကံ၊ ကုန်ကုန်ပြောရရင် မင်္ဂလာပွဲအထိပဲ၊ ကျွန်မ တစ်ခါမှကို မနိုင်ဖူးတာ။ ကျွန်မ ဘယ်လောက်ပဲ ကြိုးစားခဲ့ပါ‌စေ သူမ ပြန်ရောက်လာတာနဲ့ ကျွန်မက ချက်ချင်း နောက်ဆုတ်ပေးလိုက်ရတာပါပဲ။ ဒါတင်မကသေးဘူး ခင်ပွန်း‌လောင်းအနေနဲ့ သတ်မှတ်ပြီး ဆက်ဆံခဲ့တဲ့သူကတောင် ကျွန်မကို တခြားယောက်ျားဆီ လက်ဆောင်ပေးပစ်လိုက်တယ်။ ဘယ်လောက်တောင် ဆိုးလိုက်တဲ့ ဘဝလဲ"

မုမင်ထန်က သက်ပြင်းချရင်း ရှဲ့ရွှမ်းချန်ရဲ့ အင်္ကျီလက်စကို ဖြန့်ပေးနေတယ်။

"ကျွန်မက ငယ်ငယ်ကလေးထဲက လေးစားခဲ့ရတဲ့သူနဲ့ လက်ထပ်ခဲ့ရပြီး သူမကျ အဲ့လိုမဟုတ်တဲ့ အချက် တစ်ချက်ကလေးနဲ့ပဲ သူမကို အနိုင်ယူနိုင်တာ။ နောက်ပြီး ကျွန်မကို မရီး‌တော်လို့ ခေါ်ခိုင်းပြီး သူမလုပ်ခဲ့တဲ့အတိုင်း သူတို့ရှေ့ ဟန်ကြီးပန်ကြီး ပြန်နေပြနိုင်တာ။ ကျွန်မက အကျိုးအကြောင်းနားမလည်ဘဲ တစ်ကိုယ်ကောင်းဆန်တယ်လို့ အရှင့်သား တွေးကောင်းတွေးနိုင်ပေမဲ့၊ ကျေးဇူးပြုပြီး ကျွန်မရဲ့ ရည်မှန်းချက်လေး မပျက်စီးသွားရအောင်လို့ အရှင့်သား အသက်ရှင်နေပေးလို့ မရဘူးလားဟင်"

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now