Chapter 144

557 65 0
                                    

အိမ်တော်ထဲ လက်ဖက်ရည်ထိုင်သောက်နေတဲ့ မုမင်ထန်ကတော့ သူမ မရည်ရွယ်ဘဲ လူဘယ်နှယောက်လောက်ကို အရှက်ရစေခဲ့မိပြီလဲ မသိရှာပေ။ အပြာရောင်ပိုးထည်ပေါ်က ရွှေရောင်တိမ်တိုက်ပုံ ပိုးအဆင်ကို လက်နဲ့ သေချာကိုင်ကြည့်ရင်း သူမ အံ့ဩနေမိတယ်။

"ဒီပိုးထည်က သိပ်လှတာပဲ။ ယက်ကန်းရက်ထားတာကလည်း သေသပ်ပြီး အရောင်ကလည်း နူးညံ့နွေးထွေးတယ်။ ချုပ်လုပ်ရင် တကယ် ဝတ်စုံကောင်း ဖြစ်လာမှာပဲ။ တခြားအရောင်တွေကော ပို့လာပြီလား"

"လီကျီအထည်ဆိုင်က လာပို့ပြီးသွားပါပြီ"

မုမင်ထန် ခေါင်းညိတ်လိုက်တယ်။ ဒီအဆင်ကို မြင်တာနဲ့ ရှဲ့ရွှမ်းချန်ကိုသာ အင်္ကျီချုပ်ပေးလိုက်ရင် လိုက်မှာပဲလို့ သူမ တွေးမိပြီး ချက်ချင်း ရွေးဖြစ်သွားတာ။ အပြာရောင်က အဆင့်အတန်းမြင့်ပြီး သန့်စင်တဲ့အသွင်ကို ဆောင်တာမို့ ရှဲ့ရွှမ်းချန်နဲ့သာဆို တော်တော်လိုက်မှာ။

ဒါ့အပြင် ဒီအရောင်က ယောက်ျားလေးကော မိန်းကလေးကော ဝတ်လို့ရတာဆိုတော့ သူမလည်း ချုပ်ဝတ်လို့ ရတယ်။ ဒီလိုနဲ့ မုမင်ထန် လောဘကြီးပြီး အကုန်လုံးကို ဝယ်ပစ်လိုက်တော့တာ။ တစ်နေ့ခင်းလုံး ပိုက်ဆံကို သုံးချင်တာ သုံးလိုက်ပြီးနောက် သူမ တော်တော်လေး စိတ်ကျေနပ်သွားတယ်။

"အွန်း၊ စုစုပေါင်း ဘယ်လောက်ကျလဲ တစ်ခါတည်း တွက်ပြီး ရှင်းပေးလိုက်"

"မှန်လှပါ"

စိတ်လွတ်လက်လွတ် စျေးဝယ်ထွက်ပြီးတဲ့နောက် မုမင်ထန်တစ်ယောက် ပျော်ပျော်ကြီး ယွီလင်ခန်းမဆောင်ကို ပြန်သွားတော့တယ်။ သူမ မသိလိုက်တာက အဲ့အချိန် မြို့တော်ထဲ ဒီပိုးထည်က ဟိုးလေးတကျော်ဖြစ်သွားတယ်ဆိုတာပဲ။ ဝမ်ဖေးနှစ်ပါး အပြိုင်လုရလောက်အောင် ဒီပိုးထည်က ဘယ်လောက်တောင် ထူးခြားလို့များလဲဆိုပြီး လူတိုင်းက ဒီပိုးထည်ကိုပဲ အသည်းအသန် လုဝယ်နေကြတော့တယ်။ ဆိုင်ရှင်တွေကလည်း စုန့်ပိုးထည်ကို ရအောင်ရှာပြီး ဆိုင်မှာ ရောင်းချလာကြတယ်။ ဒီလိုနဲ့ ရက်အနည်းငယ်အတွင်းမှာပဲ စုန့်ပိုးထည်စျေးက ဆယ်ဆ တက်သွားတော့တယ်။

စစ်နတ်ဘုရားရဲ့ချစ်လှစွာသော ဝမ်ဖေးWhere stories live. Discover now