သူမ အဝတ်အစားလဲပြီး အိပ်ရာဆီ ပြန်လာတဲ့အခါ ရှဲ့ရွှမ်းချန်က ထိုင်ခုံပေါ်မှာ ထိုင်နေတုန်းပဲဆိုတာ တွေ့လိုက်ရတယ်။ မုမင်ထန် အံ့ဩသွားပြီး
"အရှင့်သား ဘယ်လိုလုပ် မထသေးတာလဲ"
ရှဲ့ရွှမ်းချန်က ဝမ်းနည်းညှိုးငယ်စွာ ပြုံးလိုက်ရင်း
"မင်းက ကိုယ့်နောက်မှာ ရှိနေတာ၊ ကိုယ် ဘယ်လိုလုပ် အဝတ်အစား လဲရမလဲ"
မုမင်ထန် အံ့အားသင့်နေမိတယ်။ အဲဒီနောက် ရုတ်တရက်
"အရှင့်သား .... မဟုတ်မှလွဲရော ကျွန်မက ချောင်းကြည့်မှာ စိုးလို့လား"
"ဘယ်ပြောလို့ရမလဲ"
မုမင်ထန် ဒေါသတကြီးနဲ့ အိပ်ရာပေါ် တက်သွားပြီး အိပ်ရာခန်းလိုက်ကာကို လက်နဲ့ ဆွဲဖြည်လိုက်တယ်။ သူမပုံစံကို ကြည့်တာနဲ့တင် မကျေနပ်ချက်တွေကို အနုနည်းနဲ့ ဆန္ဒပြနေတာမှန်း သိသာတယ်။
သူမ စိတ်တိုတိုနဲ့ အိပ်ရာထဲ လှဲလိုက်တယ်။ ခဏကြာတဲ့နောက် ခြေသံဖျော့ဖျော့ကို ကြားရပြီး ရှဲ့ရွှမ်းချန် ခါးပတ် ဖြည်လိုက်တဲ့အသံ ခပ်တိုးတိုးကို ကြားလိုက်ရတယ်။
သူမ ပါးလေးတွေ နီမြန်းသွားတယ်။ ရှဲ့ရွှမ်းချန်လို အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်က အဝတ်အစားလဲတာ ဘာလို့အဲ့လောက် အသံကျယ်ရတာလဲ? အဲ့ဒီ့နောက် သူမ တစ်ခုခုကို သွားတွေးမိပြန်တယ်။ မဟုတ်မှလွဲရော သူမအဝတ်အစားလဲရင်ရော အဲ့လိုပဲ အသံကျယ်တာလား??
သူမ တွေးလေတွေလေ ပိုကြောက်ဖို့ကောင်းလာလေပဲ။ မုမင်ထန် ခဏကြာ တွေးနေတုန်းမှာပဲ သူ့ဆီက အဝတ်အစားလဲသံက ရပ်သွားတယ်။ အဲဒီနောက် သူ့ခြေလှမ်းတွေက တဖြေးဖြေး သူမနဲ့ နီးလာနေတယ်။ သူမ ဘာလို့ အဲ့လောက် ရှက်နေတာလဲ ကိုယ့်ဟာကိုယ်လည်း မသိတော့ဘူး။ အဲ့ဒါနဲ့ သူမ ဟိုဘက်လှည့်လိုက်ပြီး စောင်ကို မျက်နှာတစ်ဝက်လောက်ထိ ဆွဲအုပ်ကာ အိပ်ပျော်နေသယောင် ဟန်ဆောင်လိုက်တယ်။
သူမဘေးက အိပ်ရာနေရာက အနည်းငယ် အိကနဲ ဖြစ်သွားတယ်၊ သူမဘေးမှာ တစ်ယောက်ယောက် ဝင်လှဲလိုက်တာပဲ။ ဒီခံစားချက် သူမအတွက် အသစ်အဆန်း ဖြစ်နေတယ်။ သူမ ဘာမှမမြင်ရပေမဲ့ ရှဲ့ရွှမ်းချန် ဘာလုပ်နေလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်ယောင်ကြည့်လို့ရတယ်။ စောင်ကို အရင် မ လိုက်ပြီး အိပ်ရာထဲ လှဲလိုက်တယ်။ အဲဒီနောက် သူ့ဆံပင်နဲ့ အဆင်မပြေဖြစ်နေလို့ထင်တယ်၊ ဆံပင်ကို ညင်ညင်သာသာနဲ့ ဘေးဘက် ပို့လိုက်တယ်။