"အပြင်ထွက်သွားကြတယ်?" သူငယ်ချင်းတွေထဲက တစ်ယောက်က မေးလာတယ်။ "ဘယ်ကို သွားကြတာလဲ"
ဆိုင်ရှင်က ပြုံးလျက်
"အန်းဝမ်ဖေးက ဒီနေ့ စိတ်ပျော်ရွှင်နေတယ် ထင်ပါတယ်၊ သူမတို့ အန်းဝမ်ဖေးဆီ သွားကြတာပါ"
လက်စသတ်တော့ သူမတို့ကို အန်းအိမ်တော်က ဆင့်ခေါ်သွားတာကို။ အစောနက စကားပြောနေတဲ့ သခင်မလေးက နှုတ်ဆိတ်သွားပြီး ကျန်းမင်ဝေ့ကို လှမ်းကြည့်လာတယ်။ ပုံမှန်နေ့တွေမှာဆို ကျန်းမင်ဝေ့က ဝမ်ဖေးဖြစ်တာကြောင့် ဘယ်သွားသွား အားလုံးက သူမကို နေရာပေးရတယ်။ ဘယ်သူမှ ကျန်းမင်ဝေ့လိုချင်တဲ့ဟာကို မယူရဲကြဘူး။ ဒါပေမဲ့ မုမင်ထန်ကတော့ ခြွင်းချက်ပဲ။
ဝမ်ဖေးဆိုတဲ့ရာထူးနဲ့ တခြားသူတွေကို ဖိနှိပ်ခဲ့ပေမဲ့ အခုလို ပြန်ခံရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ တစ်ဖက်ကသူကလည်း ဝမ်ဖေးဖြစ်နေပြီး သူတို့ သွားရန်စလို့ မရတဲ့ တစ်ဦးတည်းသောသူပဲ။
အန်းအိမ်တော်လို့ ကြားလိုက်တာနဲ့ ကျန်းမင်ဝေ့ မျက်နှာပျက်သွားတယ်။ နောက်တော့ ဆိုင်ရှင်ရဲ့ချွေးမတွေက မုမင်ထန်ကို ခစားဖို့ သွားရတယ်ကြားတဲ့အခါ သူမမျက်နှာက လုံးလုံး အေးစက်သွားတယ်။ အားလုံးက သူမကို ဝိုင်းကြည့်နေတာမို့ စိတ်ထဲပဲ မျိုသိပ်လိုက်ပြီး နူးနူးညံ့ညံ့နဲ့
"တိုက်ဆိုင်လိုက်တာနော်။ ယောင်းမကြီးက သူမကို ခေါ်သွားတယ်ဆိုမှတော့ ငါ ဆက်ပြီး ပြောဖို့ မသင့်တော်တော့ဘူး။ တခြားဆိုင်ကိုပဲ သွားကြတာပေါ့"
သူမပြောလာတော့ ကျန်တဲ့သူတွေကလည်း သဘောတူကြတယ်။ ဆိုင်ရှင်ရဲ့ပုံစံကို ကြည့်ရတာ တစ်ခုခု ပြောချင်နေတဲ့ပုံပဲ၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဘာမှမပြောခဲ့ဘူး။
ထားလိုက်တော့၊ သူ့ကိစ္စမှလည်း မဟုတ်တာ။ ဒီပြဿနာပေးလွန်းတဲ့အမျိုးသမီးတစ်စု သူ့ဆိုင်ထဲက မြန်မြန် ထွက်သွားရင် ရပြီ။
ကျန်းမင်ဝေ့နဲ့ သူငယ်ချင်းတစ်သိုက် နောက်တစ်ဆိုင်ကို ရောက်လာကြတယ်။ ဒါပေမဲ့ သူတို့ ဝင်လာတဲ့အခါ လာနှုတ်ဆက်တဲ့ ဆိုင်ရှင်က တစ်ခုခုကို စိုးထိတ်နေသလိုပဲ။
