(စာဂျပိုး အမျိုးမျိုး)
[ကိုယ်ရေးအရာရှိမု အရမ်းဆိုးတယ်]
ဓားပြများ တောင်ပေါ်မှဆင်းလာကြပြီဟူသောစကားကို ကြားလိုက်ရသည်နှင့် ရုံးတော်ဝန်းတစ်ခုလုံးရှိလူများ ချက်ချင်းအံ့အားသင့်သွားကြကာ လုပ်လက်စကိစ္စများပင် ရပ်တန့်သွားကုန်၏။ မုရှင်းချန်းသည်ပင် ရိပ်တိတ်တိတ်မူးနေရာမှ အမူးပြေသွားသည်။ ရှန့်ယွင်ကျယ်ကမူ အင်မတန်မှ တည်ငြိမ်နေမြဲဖြစ်ကာ အရက်ကို အေးအေးလူလူ ထိုင်သောက်နေ၏။ ဝမ်းလျိုနျဲန်လည်း လက်ထဲရှိတူကို ချလိုက်ပြီးနောက် အေ့ခနဲ လေချဥ္တက်လိုက်သေးသည်။
မုချင်းရှန်း - "......"
"ရုံးတော်ကို ကာကွယ်ဖို့ လူတစ်ချို့နေရစ်ခဲ့ "
ရှန့်ယွင်ကျယ်က ထရပ်လိုက်ကာ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွား၏။ သို့သော် အပြင်မရောက်ခင်မှာတင် ခြေလှမ်းများကို ရပ်လိုက်ကာ နောက်ပြန်လှည့်လာသည်။
"ဓားပြတွေကိုနှိမ်နင်းဖို့ ငါနဲ့လိုက်ခဲ့မလား"
"ဟင်......ကျွန်တော်ကလား?"
မုချင်းရှန်း နောက်ဆုတ်သွားသည်၊ သို့သော် မငြင်းလိုက်ရသေးခင်မှာပင် အဆွဲခံလိုက်ရကာ မြင်းပေါ်အတင်ခံလိုက်ရပြီဖြစ်၏။ အရာရှိမုခမျာ အော်ဟစ်ပြီး အကူအညီတောင်းပစ်လိုက်ချင်လှ၏။
"ရဲမက်တို့!!!!!"
ဝမ်းလျိုနျဲန်ကတော့ သူ၏ကိုယ်ရေးအရာရှိ ပြန်ပေးဆွဲခံလိုက်ရသည်ကို လုံးဝလုံးဝ သတိမမူမိခဲ့။ ထို့နောက် အစောင့်ရဲမက်များကို ဆင့်ခေါ်လိုက်ကာ ရုံးဝန်ထမ်းများကို မြို့အနှံ့ ကင်းလှည့်ခိုင်းပြီး မြို့သူမြို့သားများအား လုံခြုံမှု ပေးခိုင်းလိုက်သည်။
******
ညဥ့်နက်နေသည့်အပြင် ဓားပြများကပါ တောင်ပေါ်မှဆင်းလာကြသည်ဟူသော သတင်းကြားကြရသဖြင့် မြို့သူမြို့သားများကလည်း ကိုယ့်အိမ်ကိုယ့်ယာသို့ စောစောစီးစီးပြန်သွားကြကာ ပုန်းခိုရှောင်တိမ်းနေကြသည်။ ထို့ကြောင့် လမ်းမပေါ်တွင် လူမဆိုထားနှင့်၊ ဝိညာဥ်တစ်ကောင်သော်မှမရှိ။ လေးညှို့မှလွှတ်လိုက်သော မြားတစ်စင်းပမာ လျင်မြန်သောအရှိန်အဟုန်ဖြင့် ပြေးနေသော မြင်းဖြူကြီးတစ်ကောင်သာရှိ၏။