( ချီးကြွယ်ဝမ် စိတ်ဓာတ်ကျနေပြီ )
ယွင်သွမ့်ဟွန်က ကျောက်ယွဲ့အား အချိန်းအချက်ပြုနေကျနေရာ၌ စောင့်ဆိုင်းနေသည်။ ကျောက်ယွဲ့က မြက်ခင်းပြင်ထက် နင်းလာရင်း နှုတ်ခွန်းဆက်သလာ၏။
"ဆရာ"
ယွင်သွမ့်ဟွန်က သူ့ဘက်လှည့်ကာ ပြောလာသည်။
"အရင်တုန်းကဆို မင်းကပဲ စောစောရောက်နှင့်တတ်တဲ့လူပါ။ ဒီနေ့ အိမ်မှာ ဘာကိစ္စရှိလို့လဲ"
ကျောက်ယွဲ့ ခေါင်းညိတ်လိုက်၏။
"ဟုတ်၊ ဒါပေမယ့် ပြဿနာရယ်လို့လည်း မမည်တာမို့ ဆရာ့ကို အပူအပင် မပေးလိုပါခင်ဗျာ"
"ထိုင်။ ဒီနေ့တော့ သိုင်းမကျင့်နဲ့ဦး၊ ဆရာသမားတစ်ယောက်အနေနဲ့ ငါ မင်းကို မေးစရာရှိတယ်"
"ဟုတ်ကဲ့၊ ဆရာ ဘာမေးချင်လို့ပါလဲ"
"မင်းအကြောင်း၊ မင်းရဲ့ နောက်ခံမိသားစုအကြောင်း"
ယွင်သွမ့်ဟွန်ဘက်မှ စတင်မေးမြန်းလာမည့်မေးခွန်းဟု ထင်မထားသဖြင့် ကျောက်ယွဲ့မှာ အနည်းငယ်အံ့ဩသွားသည်။
"မင်းရဲ့အဖေကို မုညီနောင် သတ်လိုက်တာဆို"
ကျောက်ယွဲ့ ခေါင်းညိတ်လိုက်၏။
"အဖေ့နာမည်က ကျောက်မန်ကျန်းပါ။ ရှီးနန်ဒေသမှာ ကိုယ်ပိုင်လုပ်ငန်းအသေးစားလေးတစ်ခု လုပ်ကိုင်ပါတယ်။ နောက်ပိုင်း လူယုတ်မာတွေနဲ့ သွားပတ်သက်မိလို့ အသက်ဆုံးပါးခဲ့ရတာပါ"
"လူယုတ်မာတင် ဘယ်ကမလဲ"
ယွင်သွမ့်ဟွန်က သူ့အား ကြည့်လာ၏။
"ဆရာ ကျွန်တော့်ကို တစ်ခုခု ပြောပြချင်နေတာလားခင်ဗျာ"
"မင်းရဲ့ဆရာ ငါ့အကြောင်းကိုရော မင်း ဘယ်လောက်သိထားသလဲပြော"
ကျောက်ယွဲ့ ခေါင်းခါလိုက်၏။
"ဆရာ ဘာကိုဆိုလိုနေမှန်း တပည့် မသိကြောင်းပါ"
"တကယ်မသိတာလား၊ မသိချင်ယောင်ဆောင်နေတာလား"
ယွင်သွမ့်ဟွန်က သူ့ပခုံးကို ပုတ်လိုက်သည်။