အပိုင်း - ၃၄ { ကုတင်ပေါ်က စာဂျပိုး }{ ခေါင်းဆောင်ကျောက်ရဲ့ရင်ထဲ တစ်ဆို့ဆို့ကြီး ခံစားရတယ် }
ဓားပြနှစ်ဖွဲ့မှာ အစိုးရဘက်တော်သားများအား ဤသို့သောအခြေအနေမျိုးဖြင့် တွေ့ဆုံရမည်ဟု ထင်မထားခဲ့။ ကုန်းဖားချိုင်ကမူ စောနထက် ပို၍ စိတ်ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရသည်။ ယန်ယင်းကမူ အလွန် ဒေါသထွက်နေပြီဖြစ်၏။ မည်သို့ပင်ဆိုစေ၊ အစိုးရဘက်က ကံကောင်းခြင်းမုခ်တံခါးအား လာရောက်တိုက်ခိုက်ရန် ထွက်လာကြခြင်းဖြစ်ကာ ယခုတော့ လော့ယင်းရွာကပါ အဆစ်လာခံရသည်။
ထို့အပြင် ကုန်းဖားချိုင်ကလည်း လော့ယင်းရွာက အစိုးရထံ အညံ့ခံလိုက်ပြီဖြစ်ကြောင်း ပို၍သေချာသွား၏။ သို့မဟုတ်ပါက ထိုသူတို့ တောင်အောက်ဆင်းလာသည်နှင့် တစ်ပြိုင်နက် ဘာကြောင့်များ အစိုးရကလူများနှင့် လာတိုးနေရပါသနည်း။"အမတ်မင်း"
အရိပ်တပ်သားက ဝမ်းလျိုနျဲန်ထံ အကျိုးအကြောင်းပြောပြရန် ရောက်လာသည်။
"ယန်ယင်းနဲ့ ကုန်းဖားချိုင်တို့က တစ်လမ်းလုံး ရန်ဖြစ်လာကြတယ်။ ဘယ်သူက အစိုးရရဲ့ သူလျိုပါဆိုပြီး ရန်ဖြစ်နေကြတာမှ အသားတဆတ်ဆတ်တောင်တုန်လို့"
"အင်း၊ အရမ်းကောင်းတယ်"
ဝမ်းလျိုနျဲန်က ပြုံးလိုက်၏။
"သူတို့နှစ်ဖွဲ့ကို သီးသန့်စီ ခေါ်သွားကြ။ တစ်ဖွဲ့က တစ်ဖွဲ့ကို သစ္စာဖောက်လို့ လုံးဝယုံသွားကြရင် ပိုကောင်းမယ်။ အထင်လွဲလေ၊ ပိုကောင်းလေပဲ "
သူတို့ မည်သည့်နေရာတွင် ရှိနေကြမှန်း မဖော်ပြလိုသည့် ကျောက်ယွဲ့နှင့် လုကျွေးကမူ ကျန်အဖွဲ့သားများနှင့် ပြန်မလာကြဘဲ တောင်အဆင်းရှိ လမ်းဝတစ်နေရာ၌ လူစုခွဲလိုက်ကြကာ ရှန့်ယွင်ကျယ်၏အိမ်သို့ ပြန်လာကြသည်။ တောင်တက်လမ်း၌မူ မုဝန့်လေနှင့် မုဝန့်ရှုန်တို့မှာ တောင်ပေါ်သို့ လည်တဆန့်ဆန့်နှင့် မျှော်နေ၏။ ယနေ့ညတွင် အမတ်မင်းက အရိပ်တပ်သားများအားခေါ်ပြီး တောင်ပေါ်သို့ တက်သွားသည်ကိုကြားသည်နှင့် ထိုနှစ်ယောက်ကလည်း ဂဏှာမငြိမ်ဖြစ်ကာ ကျောက်ယွဲ့ဘက်မှ မပြောသင့်သောစကားများ ပြောလိုက်မည်လားဟု စိုးရိမ်နေကြသည်။ သို့သော် တောင်ပေါ်တက်ရန် တကြွကြွဖြစ်နေသော ထိုနှစ်ယောက်အား ရှန့်ယွင်ကျယ်က လိုက်တားထားကာ အန္တရာယ်ရှိမည်စိုးသဖြင့် တက်မသွားပါရန်၊ ဤနေရာတွင်သာ စောင့်နေပါရန် ဖျောင်းဖြလာ၏။