အပိုင်း - ၄၆ ( စာဂျပိုး၏ ချစ်မှုရေးရာကဏ္ဍ )ဘာပဲပြောပြော၊ ကျွေးရမွေးရခက်တာတော့ အမှန်ပဲ။
****
ဝမ်းလျိုနျဲန်မှာ စာကြည့်ခန်းထဲတွင် ဆက်နေလိုကာ အမှုများ ဆက်လက်ကိုင်တွယ်ချင်သော်ငြား ကျောက်ယွဲ့က ခက်ထန်ကြမ်းတမ်းလှပေသည်မို့ ဝမ်းလျိုနျဲန်လည်း အလျှော့ပေးလိုက်ရကာ ကြက်ပေါင်ကို ချပြီး လက်သုတ်လိုက်ရသည်။
"ဒါဆိုလည်း ခဏလောက် သွားအိပ်လိုက်ပါ့မယ်"
ကျောက်ယွဲ့ မျက်မှောင်ကြုတ်သွားသည်။
"မင်း ဘာလို့ နည်းနည်းပဲ စားတာလဲ"
ကြက်ပေါင်တစ်ချောင်းတောင် မကုန်သေးဘူးလေ။
ဝမ်းလျိုနျဲန်က ရိုးသားစွာ ဖြေလာ၏။
"စားချင်စိတ်မရှိလို့"
"စားချင်စိတ်မရှိလည်း စားရမှာပဲ"
ခေါင်းဆောင်ကျောက်ကမူ ဓားပြဗိုလ်တစ်ယောက်၏ ဝသီစရိုက်များအား ပြသလာပေ၏။
"ဆီအရမ်းရွှဲတယ်"
"အသားပြည့်ပြည့်တင်းတင်းလေးဖြစ်ဖို့ ဆီနည်းနည်းစားဖို့တော့ လိုတယ်"
ဝမ်းလျိုနျဲန်၏ မျက်ဝန်းထဲတွင်မူ "ဆီအရမ်းရွှဲတယ်။ မစားချင်ဘူး၊ မစားချင်ဘူး၊ မစားချင်ဘူး၊ မစားချင်ဘူး!!!!!"ဟု ဆန္ဒပြလာ၏။ထို့ကြောင့် ကျောက်ယွဲ့မှာ စိတ်ရှည်ရပေတော့သည်။
"ဒါဆို မင်း ဘာစားချင်တာလဲပြော"
"မစားမနေရလား ၊ အခုက"
"ဟုတ်တယ်!!!!!"
ဝမ်းလျိုနျဲန်လည်း မတတ်သာတော့ပါချေ။
"ဒါဆို ရိုးရိုးဆန်ပြုတ်တစ်ပွဲလောက်"
ကျောက်ယွဲ့လည်း ရှန့်စံအိမ်သို့ ပြန်သွားလိုက်သည်။
စာဂျပိုးတွေက ကရိကထတယ်များတာပဲ။ အစားစားဖို့အရေးကို အရိုးများသလေး ချေးခါးသလေး ဂျီးများနေသေးတယ်။
ဖြစ်ချင်တော့ မီးဖိုချောင်ထဲတွင် မနက်ကတည်းက ကျန်သည့် ဆန်ပြုတ်လက်ကျန်ရှိနေရာ ကျောက်ယွဲ့လည်း ထိုဆန်ပြုတ်အား ပြန်နွှေးလိုက်ကာ ဘူးထဲ ထည့်သွားလိုက်၏။ သို့သော် ရုံးသို့ ပြန်မသွားခင် ခြေလှမ်းများ ရပ်တန့်လိုက်ကာ မီးဖိုခန်းသို့ နောက်တစ်ခေါက်ပြန်လာပြီး အချဥ်ဟင်းတစ်ချို့ပါ ထပ်ထည့်လိုက်သည်။