အပိုင်း - ၂၉ ( အညံ့ခံလိုက်တာပဲ ပိုကောင်းမယ် )
{ ခေါင်းဆောင်ရဲ့ခေါင်းထဲ ကူပိုးကောင်တွေ ရှိနေတယ် }
"သိုင်းလောကထဲမှာလေ ကူပိုးကောင်ဆိုတာကြီးက တကယ်ရှိနေတာလားဟင်"
မြို့စားမင်းရုံးတော်ထဲဝယ် မုချင်းရှန်းက သိချင်ဇောဖြင့် မေးကြည့်လာ၏။ ရှန့်ယွင်ကျယ်လည်း ခေါင်းညိတ်ပြလာသည်။
"ရှိတယ်။ ဒါပေမယ့် အခုပြောနေကြသလောက်တော့ မဆိုးဘူး "
မုချင်းရှန်းမှာ လွန်စွာမှ စိတ်ဝင်စားသွားသည်။
"တကယ်တမ်းကျ အဲ့ကူပိုးကောင်တွေက ဘာကောင်တွေလဲဟင်"
"မင်း စာဖတ်ရတာ ဝါသနာပါတယ်မဟုတ်ဘူးလား။ စာအုပ်တွေထဲမှာရော ဒီအကြောင်း ရေးမထားဘူးလား "
မုချင်းရှန်းက ခေါင်းခါပြလာသည်။
"စာအုပ်ထဲ ရေးထားတာတွေက အဆမတန်ချဲ့ကားပြီး ရေးထားကြတာ။ မဟုတ်တမ်းတရားဖြစ်နေရင် လူက ချက်ချင်းပဲ အလိုလိုသိနိုင်တယ်လေဗျာ"
"အင်း၊ မြောင်ကျန်းမှာရှိတဲ့ ဂိုဏ်းတွေက ကူပိုးကောင်အသုံးပြုရာမှာ ထူးချွန်တတ်ကြတယ်။ ဒါပေမယ့် ဂိုဏ်းတိုင်းဟာ သူ့နည်းလမ်းနဲ့သူ ကွာခြားသွားကြမယ်။ တချို့ဟာတွေက လူတွေိကို တကယ်ရူးအောင် ပြုစားနိုင်တယ်။ ဘယ်လိုလုပ်ပြီး ဘယ်လိုပြုစားလိုက်သလဲဆိုတာကိုတော့ အပြင်လူတွေအတွက် ဂဃနဏနားလည်ဖို့ ခက်မယ်"
မုချင်းရှန်းမှာ မျက်မှောင်အနည်းငယ်ကြုတ်သွားသည်။
"မုမျိုးရိုးက ဟိုနှစ်ယောက်ဆိုရင်ကော?ကျွန်တော်တို့သခင်ကြီး အန္တရာယ်ရှိမှာလားဟင်"
"မရှိနိုင်ဘူး။ ဟွားထန်က အဆိပ်အတောက် သုံးရာမှာ ကျွမ်းကျင်တယ်၊ ကူအဆိပ်ပိုးအကြောင်းလည်း ဆည်းပူးလေ့လာထားတယ်။ သူသာရှိနေရင် အမတ်မင်းကို မုဝန်လေ ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး"
"တော်သေးတာပေါ့"
မုချင်းရှန်းလည်း အနည်းငယ်တော့ စိတ်သက်သာရာရသွားသည်။
ရှန့်ယွင်ကျယ်မှ ဆက်ရှင်းပြလာ၏။
"ဘယ်လိုကူအဆိပ်မျိုးပဲ ဖြစ်နေပါစေ၊ နည်းလမ်းတကျမသုံးတတ်ရင် သုံးတဲ့လူဆီ တန်ပြန်အကျိုး သက်ရောက်တတ်တယ်။ အဲ့ဒီဒဏ်မျိုးရဲ့ ဝေဒနာကို ညွှန်းဆိုဖော်ပြဖို့ဆိုတာ နှလုံးသားကို မြားအစင်းတစ်ထောင်နဲ့ ထိုးဖောက်လိုက်တယ်ဆိုတဲ့စကားနဲ့တင် လုံလောက်ဦးမှာ မဟုတ်ဘူး "