အပိုင်း - ၁၄၅ ( ခမ်းနားထည်ဝါသော လက်ထပ်မင်္ဂလာပွဲ - ၃ )(ဟုန်ကျာလန်ကို ရှာလို့မတွေ့ရင် တပ်ဖွဲ့သုံးပြီး မြေလှန်ရှာလေ)
ကျောက်ယွဲ့က ခွက်ထဲရှိ သေရည်လက်ကျန်ကိုသာ တစ်ခါတည်းအကုန်မော့သောက်လိုက်ကာ တစ်ဖက်လူ၏မေးစေ့အား ကိုင်ပြီး နှုတ်ခမ်းချင်းတေ့ဟကာ မျှသောက်လိုက်၏။
"ဘာလို့ နောက်တစ်ခွက် ထပ်မတောင်းလိုက်လဲ"
ဝမ်းလျိုနျဲန်မှ မေးလာသည်။
"အတူတူပဲဟာ"
ဝမ်းလျိုနျဲန်မှာ ရှက်သွေးဖြာသွားလို့။
ထို့နောက် အမှုထမ်းများက ကိုယ်လက်သန့်စင်စရာ မွှေးရနံ့ထုံသင်းသော ချိုးရေနွေးများ ယူလာပေးကြသည်။ မည်သည့်အရာ ခပ်ထား၍များ ဤမျှထိ မွှေးကြိုင်နေမှန်း မသိရပါ။
ကျောက်ယွဲ့က ဝမ်းလျိုနျဲန်၏အဝတ်အစားများအား ချွတ်ပေးလိုက်ကာ လူကိုပွေ့ချီပြီး ရေစည်ပိုင်းထဲ သွားချပေး၏။
ဝမ်းလျိုနျဲန်က သူ့အား မျက်တောင်လေးတဖျတ်ဖျတ်ခတ်ကာ ကြည့်လာသည်။
ကျောက်ယွဲ့က လူကို ရင်ခွင်ထဲ ဆွဲသွင်းပွေ့ဖက်ထားကာ မေးလိုက်၏။
"ဘာဖြစ်လို့လဲ"
"နည်းနည်း ...စိတ်လှုပ်ရှားနေလို့"
"ဒီလိုဆိုရင်ကော"
ကျောက်ယွဲ့က အနားသို့ထပ်တိုးသွားကာ လူကို နမ်းရှိုက်လိုက်သည်။
"စိတ်လှုပ်ရှားတာ သက်သာလာပြီလား"
"ဟင့်အင်း၊ ထပ်နမ်းဦး"
ကျောက်ယွဲ့မှာ ရယ်မောမိသွားကာ နူးညံ့သော ထိုနှုတ်ခမ်းသားများအား ထပ်မံနမ်းရှိုက်လာ၏။
ပြတင်းပေါက်အပြင်ဘက်ရှိ အရိပ်တပ်သားများမှာ မရမက ချောင်းနားထောင်နေကြသည်။ ကျန်သောရဲဘော်များကိုပါ ထပ်သွားေခါ်ချင်ကြသေး၏။
နန်းတော်မှ သက်တော်စောင့်များနှင့် သူရိယစန္ဒာတောင်စခန်းမှ တပ်သားများကမူ အလိုလိုမတ်တတ်ရပ်လိုက်ကာ ထိုအဖွဲ့နှင့် သုံးပေဝေးရာသို့ ဆုတ်ခွာလိုက်ကြသည်။