အပိုင်း - ၁၆၇ ( ဆောင်းေန့ရက်ကြား ပွင့်လန်းသောပန်း )( ဖင်းလန်ဂိုဏ်းရှေ့ရှိ ဆေးအရောင်းမယ် )
ထျဲန်းယာမြိုင်နန်းတွင် အမျိုးသမီးလေးများသာ ရှိရာ တစ်နှစ်လုံးနေမှတစ်ခါ ယောက်ျားသားများကို မြင်ချင်မှမြင်ရတတ်သည်။ သိုင်းလောကခေါင်းဆောင် ရှန်ချန်းဖုန်းတို့အဖွဲ့ကို မဆိုထားဘိ၊ ကျောက်ယွဲ့နှင့် ဝမ်းလျိုနျဲန်တို့ကို မြင်ရတုန်းကပင်လျှင် တအံ့တဩဖြစ်ခဲ့ကြသည်ပင်။
မုချင်းရှန်းမှာ မြိုင်နန်းပုရဝုဏ်ထဲ လျှောက်လှမ်းဝင်ရောက်သွားသည်နှင့် ပတ်ဝန်းကျင်တစ်ခွင်လုံး အနုပညာဆန်လှစွာ သိမ်မွေ့ကျော့ရှင်းလှကြောင်း ခံစားလိုက်ရကာ မြင်မြင်သမျှအရာတိုင်းအား သဘောကျနှစ်ခြိုက်နေ၏။
ရှန့်ယွင်ကျယ်ကမူ အနည်းငယ်မနှစ်မြို့ပါချေ။ ထန်ယွင်ရဲတိုက်သို့ ပထမတစ်ခေါက် ရောက်ဖူးတုန်းကတောင် မုချင်းရှန်း၏မျက်ဝန်းများထဲ ဤသို့သော တက်ကြွပျော်ရွှင်မှုမျိုး ရှိမနေသည်မို့။
"တောင်သခင်ယဲ့၊ ဒါက ဘာလေးလဲဟင်"
ဆောင်းလယ်ခေါင်မှာပင် ငွားငွားစွင့်စွင့် ပွင့်လန်းဝေဖြာနေသည့် ပန်းခင်းအသေးလေးအား တွေ့ရသောအခါ မုချင်းရှန်းမှာ အံ့ဩလွန်းသဖြင့် ယဲ့ကျင်အား ထုတ်မေးလိုက်မိ၏။
သို့သော် ယဲ့ကျင်ဘက်မှ ပြန်မဖြေခဲ့ပါ။
"တောင်သခင်ယဲ့...."
မုချင်းရှန်း တွေဝေသွားသည်။ ထို့နောက် ယဲ့ကျင်၏မျက်နှာထက်က လူသတ်လိုသည့်အရိပ်အကဲများကို မြင်လိုက်ရသဖြင့် အနည်းငယ် ကြောက်ရွံ့သွား၏။
ဘာဖြစ်....သွားတာလဲ....
မိန်းမပျိုလေးတစ်သိုက်မှာ တိုင်လုံးကြီးများနောက်တွင် ပုန်းကာ ရှန်ချန်းဖုန်းအား ခိုးကြည့်နေကြသည်။
အဲ့လူက သိုင်းလောကတစ်ခုလုံးရဲ့ ခေါင်းဆောင်တဲ့။
ထောင်ထောင်မောင်းမောင်း ထွားထွားကြိုင်းကြိုင်းနဲ့ အကြမ်းပတမ်းယောက်ျားကြီးလို့ မှတ်နေတာ ဒီလောက်ထိ ချောမောခန့်ညားနေမယ်လို့ ထင်မထားမိဘူး။ နှစ်ခေါက်လောက်ငေးကြည့်လိုက်ရုံနဲ့ ရှက်ေသွးဖြာသွားမယ်ဆိုလည်း မဆန်းပါဘူးလေ။