အပိုင်း - ၉၇ ( အသင်ရော ဒီနာမည်ကို ကြားဖူးတာလား){ ဘာခွန်အားမှ မစိုက်ထုတ်လိုက်ရဘဲ ရလာတယ် }
ဝမ်းလျိုနျဲန်အတွက် "အမှုစစ်ခြင်း"ဟုခေါ်သော စုံစမ်းမေးမြန်းခြင်း ပြီးသွားကာ ရုံးသို့ပင် ပြန်ရောက်လာသော်ငြား ရှီးဖန်းမှာ သူတို့အား ကူညီရန်အတွက် အမှုထမ်းတစ်ဖွဲ့ပါ လွှတ်လာပေးသေး၏။ ဤမြို့သေးသေးေလးမှာ တစ်နှစ်ကျော်ကြာသည့်အထိ သရဲခြောက်ခြင်းခံနေရကာ အစိုးရမှလည်း အချိန်ကြာသည့်အထိ ကိုင်တွယ်ခြင်းမရှိ။အနည်းဆုံးတော့ မိမိမှာ တာဝန်ဝတ္တရားလစ်ဟင်းခြင်းဟူသည့်အပြစ် ရှိနေရာ မျက်နှာပြန်ရဖို့ အကောင်းဆုံးကြိုးစားဆောင်ရွက်ရပေမည်။
ဝမ်းလျိုနျဲန်လည်း ရောက်လာသူများအား ငြင်းဆန်ခြင်းမရှိဘဲ မြို့ထဲရှိဆေးဆရာအား သွားပင့်ရန် ထိုသူများအား စေလွှတ်လိုက်သည်။ ထို့နောက် မကြာမီတွင် တည်းခိုဆောင်သို့ မုတ်ဆိတ်ဖြူသမားတော်တစ်ယောက် ရောက်လာ၏။
လူအများက ထိုသတင်းအားကြားသွားကြသောအခါ အမတ်မင်း ဖျားနာနေသလားဟု စိုးရိမ်တကြီး မေးလာကြ၏။
"အမတ်မင်း မဟုတ်ဘူး၊ ကလေးငယ်လေးတစ်ယောက် ကောက်တွေ့လို့ပါ"
အရိပ်တပ်သားလေးက ဓားကို ရင်ခွင်ထဲပိုက်ကာ တံခါးအား မှီလျက်၊ နေရောင်ခြည်များအား သူ့အပေါ် ဖြန့်ကျက်လွှမ်းခြုံခွင့် ပြုနေ၏။ ထိုသူမှာ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားကာ ဆံနွယ်များကလည်း နက်မှောင်တောက်ပနေသဖြင့် ခါတိုင်းထက် လွန်စွာမှ ချောမောခန့်ညားလှပေ၏။
မြို့သူမြို့သားများကလည်း ထိုကလေးငယ်က သူတို့လာရာလမ်းတွင် ကောက်တွေ့သည့်ကလေးငယ်ဟုသာ မှတ်ထားကာ ထူးဆန်းသည်ဟု မထင်ကြ။ ထို့ကြောင့် မေးခွန်းအနည်းငယ်မေးပြီးနောက် လူစုခွဲလိုက်ကြသည်။ မြို့လေးမှာ သေးငယ်လှကာ ညစာစားပြီးနောက် ပြောစရာစကားလည်း သိပ်မများသဖြင့် ထိုကိစ္စကို ပြောပြဖြစ်ကြကာ တစ်နေ့အတွင်းမှာပင် လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် သတင်းပျံ့နှံ့သွားခဲ့လေ၏။
သမားအိုကြီးမှာ တည်းခိုခန်းတွင် ညလုံးပေါက်နေခဲ့ကာ ကလေးငယ်ကို ကုသနေသည်။ သို့သော် ထိုကိစ္စက ပြင်းထန်နေသည်ထင်၊ နောက်ရက်တွင် အခြားမြို့မှ သမားတော်နှစ်ယောက်ပါ ရုံးဝန်ထမ်းများ သွားပင့်လာရ၏။ ထို့အပြင် ဆေးခူးသောကောင်လေးထိပါ အခေါ်ခံရရာ နီတာရဲလေးက အတော်ဆိုးရွားသော ဝေဒနာတစ်မျိုး ခံစားနေရကြောင်း၊ ကြောင်ငယ်လေးပမာ ငိုယိုနေကြောင်း၊ ဝေဒနာအလွန်ပြင်းထန်နေမည်ဖြစ်ကြောင်း ထင်မြင်ယူဆနေကြသည်။