အပိုင်း - ၈၃ ( ဥေဒါင်းမုခ်ဝဂိုဏ်း၏ တတိယသခင်လေး )
( ညကြီးသန်းခေါင်မှာ ဘာလို့ မြူးကြွကြွသံစဥ်မျိုး မမှုတ်တာတုန်း )
ကျားခေါင်းဂိုဏ်း၏ တည်နေရာက မတ်စောက်လှကာ တဇွတ်ထိုးဆန်ဆန် တိုက်စစ်ဆင်လိုက်ပါလျှင် ဆုံးရှုံးမှုကြီးစွာ ကြုံရမည်မှာ မလွွဲမသွေပါပေ။ သို့သော် ဆယ်စုနှစ်တစ်ခုကြာ ပျောက်ကွယ်သွားခဲ့သော တာ့မင်ဝမ်ယွင်သွမ့်ဟွန်ပါ ဤကိစ္စထဲ ပါဝင်ပတ်သက်လာသောအခါ ကိစ္စအရပ်ရပ်မှာ လုံးဝခြားနားသွားတော့၏။ ထိုတောင်တန်းအား ဝိုင်းရံတိုက်ခိုက်ဖို့ လူအင်အားမြင်းအင်အားများအား ချိန့်လျဲ့ကိုယ်တိုင် စိစစ်ရွေးချယ်ခဲ့ကာ ထိုကိစ္စထဲ ဒေသန္တရအစိုးရဘက်မှ တင်ရောက်တားဆီးမည်ဆိုလျှင်တောင် အရာထင်မည်မဟုတ်ပါ။ ဝမ်းလျိုနျဲန်အား ချိန့်လျဲ့ဘက်က လွန်စွာမှ ရိုသေလေးစားသော်ငြား၊ တစ်ခုခုလုပ်ခါနီး ကြိုတင်တိုင်ပင်ခြင်းများ ရှိလာသော်ငြား၊ ယခုကိစ္စတွင်တော့ မေးဖြစ်သည်ဆိုရုံမျှ မေးလာခြင်းဖြစ်၏။ တောင်ပေါ်တွင် သူပုန်တစ်စုရှိနေသောကြောင့် မြို့စားမင်းမဆိုထားဘိ၊ ဤထက်ရာထူးကြီးသည်ဆိုလျှင်တောင် သူ့အား လာရောက်တားဆီး၍ မရနိုင်တော့ပါချေ။
သို့နှင့် နောက်တစ်ရက်ရောက်သောအခါ အရိပ်တပ်သားတစ်ယောက်က ပြန်လာပြီး နှစ်ဖက်အဖွဲ့ ထိပ်တိုက်ရင်ဆိုင်စပြုနေပြီဖြစ်ကြောင်း အကြောင်းကြားလာ၏။
"တိုက်ပွဲအခြေအနေရော?"
ဝမ်းလျိုနျဲန် မေးလာ၏။ အရိပ်တပ်သားမှ ပြောလာသည်။
"ကျားခေါင်းဂိုဏ်းနားမှာ အဖွဲ့တွေအများကြီး ရှိနေပေမယ့် တပ်မှူးချိန့်ရဲ့လက်အောက်မှာ လူအင်အားအများကြီးရှိတယ်။ အများစုကလည်း လက်ရုံးရည်ကောင်းတဲ့ တပ်သားတွေချည်းပဲ၊ ရှုံးမယ်လို့တော့ မထင်ဘူး။ ဒါပေမယ့် စစ်မြေပြင်မှာ ဆုံးရံှုးမှုဆိုတာ မလွဲမသွေရှိနိုင်တာပါပဲခင်ဗျာ"
ဝမ်းလျိုနျဲန်မှာ သက်ပြင်းချလိုက်၏။
"ကျားခေါင်းဂိုဏ်းလို ဘာမဟုတ်တဲ့ဂိုဏ်းလေးက ဘုရင့်ကိုယ်ရံတော်တပ်မှူးနဲ့ စစ်သည်ဗိုလ်ပါတစ်သောင်းကို လှုပ်နိုးစေနိုင်မယ်လို့ ကျွန်တော် တစ်ခါမှ မတွေးဖူးဘူး။ ဒီပြဿနာ မြန်မြန်ပြီးပါစေလို့ပဲ မျှော်လင့်ရတော့မယ်"