အပိုင်း - ၉၆ ( ကြက်ကင်အတွက် လျှောက်လဲချက် )
(ဒီလိုကောင်းတဲ့အဖြစ်မျိုးက ခဏခဏ ကြုံရလေ့ရှိတာမဟုတ်ဘူး )
ဤမြို့ထဲ သရဲခြောက်ခံရသည်မှာ တစ်နှစ်ပင်ကျော်လွန်ခဲ့ပြီဖြစ်သည်။ သို့သော် ထိုသူတို့က ကြောက်ရွံ့ထိတ်လန့်နေကြသည့်တိုင် နေသားကျသွားပြီဖြစ်ကာ ထိုသရဲက လူအများအပေါ် အန္တရာယ်ပြုခြင်း မရှိသည်မို့ ညဘက် အပြင်မထွက်သရွေ့ အခြေအနေ မဆိုးပါချေ။ ထို့ကြောင့် အစိုးရဘက်မှ ဤကိစ္စအား မှတ်မိနေသေးလိမ့်မည်ဟု မမျှော်မှန်းကြတော့သဖြင့် ဤတစ်ကြိမ် ထုတ်ပြန်သော ကြေညာစာတမ်းကို မြင်သောအခါ အားလုံးက စိတ်ဝင်စားလာကြကာ ထမင်းပင်မစားအားဘဲ တည်းခိုခန်းရှေ့ရှိ ယာယီတရားရုံးခွင်သို့ တက်ကြွစွာ လာရောက်ကြည့်ရှုကြ၏။
"မြို့စားမင်းကိုယ်တိုင် သရဲဖမ်းမည်" ဟုဆိုသောကြောင့် သာမန်စုန်းဆရာမှော်ဆရာများလို ကြက်တောင်မွေးတကားကားနှင့် ဂါထာလျှောက်ရွတ်နေမည်မဟုတ်ပါ။ ထို့ကြောင့် အရာရှိများက ဤကိစ္စအား မည်သို့ကိုင်တွယ်မည်နည်းဟု ပြည်သူလူထုကလည်း သိလိုလှသည်။ ရှီးဖန်းမှာမူ တရားရုံးခွင်အလယ်ရှိ ထိုင်ခုံတွင် ထိုင်နေလျက် ကျောပြင်မှာ ချွေးစေးများစိုနေပြီဖြစ်၏။ သူ့မှာ တစ်နေကုန်တစ်နေခမ်း ဇိမ်ကျကျသာ နှပ်နေခဲ့သူဖြစ်ရာ သရဲတစ္ဆေမဆိုထားနှင့်၊ သူခိုးတောင်မျှ ဖမ်းဆီးဖို့ အစွမ်းအစမရှိပါချေ။ သို့သော် အမတ်မင်းဝမ်းက သူ့အား ထိုသို့လုပ်ခွင့်ပင် ပြုမထားပါ၊ ထို့ကြောင့် ထိုနေရာတွင်သာ စိုးရိမ်သောကများပိုက်ပြီး ဆက်ထိုင်နေရ၏။
"အမတ်မင်းရှီး"
မုချင်းရှန်းက သူ့ဘေးနားဝင်ထိုင်ကာ ကိုယ်ရေးအရာရှိလေးအဖြစ် ယာယီဖြစ်ပေး၏။
"အချိန်ကျပါပြီ"
အချိန်ကျပြီ?
ရှီးဖန်းမှာ ထိုစကားကိုကြားတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်သွား၏။ မည်သည့်တရားခံမှမရှိဘဲ တကယ်ကြီး စစ်ဆေးမေးမြန်းရမည်တဲ့လား။
သူ အကြာကြီး ဘာမှပြန်မဖြေသောအခါ မုချင်းရှန်းလည်း လူထုဘက်ကိုသာ မေးလိုက်ရ၏။